လှည်းကူး ၈ ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသူများအား ဒဏ်ငွေဆောင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခြင်းကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက လှည်းကူးမြို့မဈေးအတွင်း လူစည်ကားရာနေရာများဖြစ်သော ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နှာခေါင်းစည်း (Mask) များ တပ်ဆင်နိုင်ရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့်  မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးမောင်မောင်ဦးတို့ ဦးဆောင်၍ Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက်အပေါက် နေရာများတွင် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် ပညာပေးခဲ့ပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ထွက်ခွာသွားလာနေသူ အမျိုးသား (၃၃)ဦးနှင့် အမျိုးသမီး (၈)ဦးတို့အား ဒဏ်ငွေဆောင်ခြင်းဖြင့် ပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှ သွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏဆေးကြောသန့်စင်ရန်၊ သတ်မှတ်ဦးရေထက် ပိုမိုစုဝေးခြင်းမပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)