နေပြည်တော် ၈ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ညီလာခံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ဇွန်လ ၃၀ ရက်တွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအသီးသီး၏ ဆက်လက်ဆောင်ရွက်ရမည့်အချက်များ ဖော်ပြပါရှိသည့် အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ကောက်နှုတ်ချက်များကို ဖြန့်ဝေပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ပေးပို့သည့် စီမံချက်များကို လက်ခံရရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီများ၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် လုပ်ငန်းကော်မတီများ၏ ပုံမှန်လုပ်ငန်းတာဝန်များအရ စီမံချက်တွင် ရေးဆွဲဖော်ပြထားသည့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အချက်များကို ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း။
ယခုကျင်းပမည့် စတုတ္ထအစည်းအဝေးကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) နှင့် (၂) တို့တွင် ကျင်းပမည့်အပြင် လူဦးရေ လျှော့ချဖိတ်ကြားထားပါကြောင်း၊ အထူးကိစ္စအနေဖြင့် ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ပိုမိုတိုးလာပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအနေဖြင့် ထပ်တိုးဆောင်ရွက်ရမည့် ကိစ္စရပ်များအပါအဝင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ငန်းကော်မတီအသီးသီး၏ ပြုပြင်မွမ်းမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းက ဖိတ်ကြားရေးလုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဘဏ္ဍာရေးလုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီ ဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခမ်းအနားများ ပြင်ဆင်ရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ခန်းမအတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ ဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေးလုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ကျန်းမာရေးလုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်က ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


