နေပြည်တော် ၈ ဇူလိုင်

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်နိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပညာရေးဝန်ကြီးဌာန၏ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဆောင်ရွက်နေမှု၊ ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များထံ စာအုပ်များ ပုံနှိပ်ရန်အတွက် တင်ဒါစိစစ်ရေး ကော်မတီမှတစ်ဆင့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းအပ်နှံ ဆောင်ရွက်နေမှုနှင့် စာအုပ်အရည်အသွေးများ ကောင်းမွန်စေရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍  ပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသုံးစာအုပ်များ နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်ဖြန့်ချိရာတွင် တစ်နှစ်ထက်တစ်နှစ် အရည်အသွေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာလတွင် မူလတန်းသာမက အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကိုပါ စာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးရန် ဆောင်ရွက်ထားရှိမှု၊ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဖြန့်ချိရာတွင် လက်ရှိဆောင်ရွက်နေသည့် ပုံနှိပ်ရေးနှင့် ဖြန့်ချိရေး လုပ်ငန်းစဉ်နှစ်ခုကို လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ဖြန့်ချိရာတွင် ဆပ်ကော်မတီအလိုက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်သည့် အခြေအနေ၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းများ စိစစ်သည့်အခါ ပြုပြင်ပြောင်းလဲဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

1

 

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဖြန့်ချိနိုင်ရန် ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားမှု၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ခဲ့မှုသမိုင်းကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ရန်လျာထားမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် မူဝါဒဆိုင်ရာ လုပ်ငန်းလမ်းညွှန်နိုင်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဉီးကိုကိုနိုင်က ကျောင်းသုံးစာအုပ်များ အချိန်မီ ပုံနှိပ်နိုင်ရန် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်သည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန်နှင့် နောင်လာမည့် ပညာသင်နှစ်များအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့က ဝန်ကြီးဌာနအလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေး ပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်နိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၀) ဆုံးဖြတ်ချက် ၈ ချက်အား အတည်ပြုချက်ရယူသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

သတင်းစဉ်