နေပြည်တော် ၈ ဇူလိုင်
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၉) ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက်ကျင်းပသည်။
ယနေ့အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး၊ ဒုတိယဥက္ကဋ္ဌ (၂) Rev. စောမက်သယူးအေး၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့အစည်းအဝေးတွင် ယမန်နေ့ကဆွေးနွေးခဲ့ကြသည့် JMC-U အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့် ကော်မတီဝင် အမည်စာရင်းအား အတည်ပြုခြင်း၊ JMC-U ၏ (၁၈) ကြိမ်နှင့် (၁၉) ကြိမ် အစည်းအဝေး ကြားကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှုများအား တင်ပြခြင်း၊ JMC ၏ ရန်ပုံငွေအား No Cost Extension ဖြင့်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ ဘတ်ဂျက်ရေးဆွဲနိုင်ရေး ဆွေးနွေးခြင်း၊ အစိုးရဘတ်ဂျက်မှ အဆိုပြုခန့်အပ်သော အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ရာထူးနေရာ အတည်ပြုခန့်အပ်ခြင်းနှင့် EAOs ဘက်မှ ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ရာထူးနေရာအတွက် အဆိုပြုခန့်အပ်ရန် ဆွေးနွေးခြင်း၊ အတည်ပြုပြဌာန်းထားပြီးသော JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (ToR) နှင့် လုပ်ထုံးလုပ်နည်း (SoP) များကို လိုအပ်ပါက ပြန်လည်သုံးသပ်နိုင်ရေးဆွေးနွေးခြင်း၊ JMC အတွင်း Bilateral များ ဆွေးနွေးသွားနိုင်ရေး အစီအမံနှင့် JMC-S အစည်းအဝေးများ ပုံမှန် ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေးခြင်း၊ ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးဆွေးနွေးခြင်း၊ JMC အဆင့်ဆင့်၏ အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးများမှ မူဝါဒတောင်းခံရန် လိုအပ်သော ဆုံးဖြတ်ချက်များအား တင်ပြခြင်း၊ နဝမအကြိမ် JMC အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျင်းပခွင့်တင်ပြခြင်း၊ JMC သို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လှူဒါန်းငွေများနှင့် JMC ပိုင်ရန်ပုံငွေများ သုံးစွဲမှုနှင့် လက်ကျန်စာရင်း တင်ပြခြင်းနှင့် နောက်တစ်ကြိမ် ကျင်းပမည့် JMC-U အစည်းအဝေးအတွက် နေ့နက်နှင့် နေရာသတ်မှတ်ခြင်းတို့ကို ဆက်လက်ဆွေးနွေးကြကြောင်း သိရသည်။
(၁၈)ကြိမ်မြောက် JMC-U အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာတွင် ကျင်းပခဲ့ပြီး တစ်နှစ်ကျော်ကြာမှ ယခု(၁၉) ကြိမ်မြောက် အစည်းအဝေကို ပြန်လည်ကျင်းပခြင်းဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး စောလျင်စွာရရှိစေရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ထိုစဉ်က အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့တို့သည် နေပြည်တော်တွင် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် လက်ရှိအစိုးရတာဝန်ယူစဉ်ကာလ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၂)ဖွဲ့တို့နှင့် ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ ရှိလာခဲ့ပြီဖြစ်သည်။
NCA စာချုပ်အရ လက်နက်ကိုင်ပဋိပက္ခများ လျော့ကျရပ်စဲနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး အထောက်အကူဖြစ်စေရန် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee – Union Level)” ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
JMC ကို ပြည်ထောင်စုအဆင့်တွင် (JMC-U) ဆိုပြီးဖွဲ့စည်းထားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (JMC-S) များကို တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီး ရုံးခွဲများကို တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်မြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရုံးခွဲကို တောင်ငူမြို့၌ လည်းကောင်း၊ ကရင်ပြည်နယ်ရုံးခွဲကို ဘားအံမြို့၌ လည်းကောင်း၊ မွန်ပြည်နယ်ရုံးခွဲကို မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ်ရုံးခွဲကို ခိုလမ်မြို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။ ထို့ပြင် ဒေသဆိုင်ရာအဆင့် (JMC-L) များကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နှင့် ကရင်ပြည်နယ် ဖာပွန်မြို့တို့တွင် ဖွဲ့စည်းထားကြောင်း သိရသည်။
NCA စာချုပ်တွင် ပါဝင်သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့် အငြင်းပွားမှု၊ ချိုးဖောက်မှုများကို မည်သူမဆို တိုင်ကြားနိုင်ပြီး ယင်းသို့တိုင်ကြားပါက JMC မှ စိစစ်အတည်ပြုရေးအဖွဲ့ ဖွဲ့စည်းစေလွှတ်ပြီး ဖြေရှင်းပေးမည် ဖြစ်ကြောင်း JMC-U မှသိရသည်။
အစည်းအဝေးအပြီးတွင် JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွေခါးရ်နှင့် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့က (၁၉)ကြိမ်မြောက်အစည်းအဝေးနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်း- မျိုးမြင့်၊ ဟန်လင်းနိုင်
ဓာတ်ပုံ-အေးသန်း


