နေပြည်တော် ၈ ဇူလိုင်

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဒုတိယအကြိမ်စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)၍ ကိုယ်စားလှယ်အဖွဲ့ဝင်များက လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home  Quarantine, Facilities  Quarantine စနစ်တကျ နေထိုင်ခဲ့ကြောင်း။

 

ယင်းမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဇွန် ၃၀ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ Polymerase Chain Reaction (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း အတည်ပြုသိရှိရပြီး ယနေ့မှစ၍ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်