ပျားကို နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ပစ္စည်းတခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေနဲ့သာမက အစားအသောက်များမှာလည်း ထည့်သွင်း သုံးဆောင်ကြပါတယ်။ များသောအားဖြင့် စူပါမားကတ်တွေမှာ ရရှိနေတဲ့ ပျားရည်တွေဟာ ပိုးသန့်စင်ပြီးသား ပျားရည်အမျိုးအစား ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်များဟာ ပိုးမသတ်ရသေးတဲ့ ရိုးရိုးပျားရည်မှာ ပိုပြီးကြွယ်ဝပါတယ်။ ပိုးသန့်စင်ထားတဲ့ ပျားရည်တွေမှာတော့ အရောင်အသွေးဆွဲဆောင်မှုရှိအောင်၊ တာရှည်ခံအောင် ပြင်ဆင်ထားပေမယ့် အာဟာရဓာတ်တချို့ ပျက်စီးသွားပါတယ်။

 

ယခုဆက်လက်ဖော်ပြမှာကတော့ ရိုးရိုးပျားရည်ရဲ့ အာနိသင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

 

၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း

 

ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

 

ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

၂။ ရောဂါပိုးသေစေသော အာနိသင်ရှိခြင်း

 

သုတေသနတွေအရ ပျားရည်မှာ ဘက်တီးရီးယားများနဲ့ မှိုများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ ရောဂါပိုးများကို သေစေနိုင်ပါတယ်။

 

၃။ အနာကျက်မြန်စေခြင်း

 

ပျားရည်ဟာ ရောဂါပိုးများကို သေစေတဲ့အပြင် တစ်သျှူးများကို အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ အားပေးကူညီတာကြောင့် အနာကျက်မြန်စေပါတယ်။ နိုင်ငံတချို့က ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာများကို ကုသရာမှာ ပျားရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သာမန်ပျားရည်အတိုင်း အနာကုသရာမှာ အသုံးပြုခြင်းတော့ မဟုတ်ပါဘူး။ ဆေးဝါးအဆင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထုတ်လုပ်ရပါသေးတယ်။

 

၄။ စွမ်းအင်ပြည့်ဝစေခြင်း

 

ပျားရည်ဟာ သင့်ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေ ပေးနိုင်ပါတယ်။ မေပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ညောင်းညာကိုက်ခဲနေခြင်း စတာတွေကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နံနက်စောစောမှာ ပျားရည်တဇွန်းကို ရေနွေးတခွက်နဲ့ သောက်ပေးခြင်းဟာ သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။

 

၅။ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း

 

အစာအိမ်အနာဖြစ်စေနိုင်တဲ့ H Pylori ဘက်တီးရီးယားကို ကုသရာမှာ ပျားရည်ကလည်း အားဖြည့်ကူညီပေးနိုင်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ဝမ်းပျက်ခြင်းအတွက် ပျားရည်ကို ဆေးအနေနဲ့ အသုံးပြုပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နိုင်ဖို့ အထောက်အကူပြုပါတယ်။

 

၆။ အအေးမိတုပ်ကွေးကို သက်သာစေခြင်း

 

အအေးမိချောင်းဆိုးပြီး လည်ချောင်းနာချိန်မှာ ပျားရည်ဟာ ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ ရေနွေးထဲမှာ သံပုရာသီး ညှစ်ထည်ပြီး ပျားရည်ထည့်သောက်ခြင်းဟာ လည်ချောင်းနာခြင်းနဲ့ အအေးမိတုပ်ကွေးကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

 

သတိပြုရန်

 

ပျားရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ရောဂါပိုးများကို သေစေနိုင်တယ်ဆိုပေမယ့် ပိုးမသန့်စင်ရသေးတဲ့ ပျားရည်ဟာ အစာအဆိပ်သင့်စေတဲ့ Clostridium botulinum ရောဂါပိုးကို ကူးစက်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ကူးစက်နိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr.Thant Zin

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်