လှိုင်းဘွဲ  ၉  ဇူလိုင် 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကရင်စာပေသင်ရိုးသစ် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက  ဒိုင်းပြကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ကရင်အမျိုးသား ရဟန်းတော်များအသင်းဉက္ကဌ ဆရာတော် ဦးဝိသုခက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ကရင်မျိုးနွယ်စုများအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်က ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကရင်စာပေ သင်ရိုးသစ် ဆရာဖြစ်သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးစောကျော်စွာက ကရင် စာပေများကို သင်ကြားပြီး ကရင်ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကရင် အမျိုးသားတို့၏ တာဝန်ဖြစ်ကြောင်း ပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ကြီးကြပ်ရေးကော်မတီ ဉက္ကဌ ဦးအုန်းတင်က သင်တန်းသားများအနေဖြင့် မိမိတို့ သင်ကြားထားသော သင်ရိုးသစ် နည်းပညာများကို မိမိတို့၏ ကျောင်းများတွင် ကလေးများငယ် စနစ်တကျ ပြန်လည်သင်ကြားပေးရန်၊ တတ်မြောက်စေရန် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဒိုင်းပြကုန်းကျော်ဆရာတော် အရှင်ညာဏောဘာသက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကရင်စာပေသင်ရိုးသစ် သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)