ကောလင်း ၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် မြို့မဈေး၊ သီရိရတနာဈေး၊ အားကစားကွင်း၌ ဖွင့်လှစ်ထားရှိသော (ယာယီ)ပျံကျဈေးတွင် ပလတ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှု လျှော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို ယမန်နေ့ နံနက် ၈နာရီက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ် အလုပ်အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မြို့၏ သဘာဝပတ်ဝန်းကျင် ရေ၊ မြေ၊ တော၊ တောင် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ စိမ်းလန်းစိုပြည်မှုတို့ကို ထိခိုက်ညစ်နွမ်းစေသည့်၊ လူနှင့် သဘာဝပတ်ဝန်းကျင်အား ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)များအား သုံးစွဲခြင်း မပြုကြပါရန်၊ ပလတ်စတစ် အသုံးပြုမှုအား အစွမ်းကုန် လျှော့ချကြရန်၊ မသုံးမဖြစ် အသုံးပြုရသည့်အခါနှင့် စွန့်ပစ်သည့်အခါများတွင် စနစ်တကျ စွန့်ပစ်ကြရန် ဒေသထွက် အင်ဖက်၊ ငှက်ပျောဖက်များကို ဦးစားပေးအသုံးပြုရန်နှင့် အကြိမ်ကြိမ် ပြန်လည်သုံးစွဲနိုင်သည့် ပစ္စည်းများကိုသာ အသုံးပြုနိုင်ရေးအတွက် ယခုကဲ့သို လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကြွတ်ကြွတ်အိတ် ကင်းစင်ရေး အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကောလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းညီက ပြောပြခဲ့သည်။
မြင့်ထွန်းမင်း(ကောလင်း)


