ချောင်းဆုံ         ၉  ဇူလိုင်         

           

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် ယနေ့အချိန်ထိ စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ် ကိုင်လျက်ရှိသော ဆေးတံနှင့် အခြားလူသုံးကုန် ပစ္စည်းများမှာ ယခုကာလအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် လက်မှုပစ္စည်းများ အရောင်းအဝယ် ထိုင်းနေကြောင်း ဒေသတွင်းလက်မှု လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

 

ယခင်က တစ်နေ့ကို(၅၀ဝ၀ဝ)ကျပ်ဝန်းကျင်လောက် အရောင်းသွက်ခဲ့သော်လည်း ကိုဗစ်-၁၉ဖြစ်ပွား နေသည့် ကာလအတွင်း ဆိုင်တွေအများစုပိတ်ထားရသည့်အတွက်ကြောင့် လာရောက် ဝယ်ယူသူတွေ သိပ်မရှိ သလောက် နည်းလျက်ရှိပြီး ပစ္စည်းဈေးနှုန်းတွေကတော့ အနည်းဆုံး ငွေကျပ် ၅၀ဝ မှ အမျိုးအစား အလိုက် (၈)သောင်း (၁)သိန်း ဝန်းကျင်လောက် ထိရှိကြောင်း ဆေးတံနှင့် အသုံးအဆောင်ပစ္စည်းများ လုပ်ကိုင်နေသူ  ဦးသန်းဇော်  ထံမှသိရသည်။

           

 

ဆေးတံနှင့် အခြားလူ အသုံးဆောင် ပစ္စည်းများကို အခြားနယ်ဘက်မှ ခရီးသွား ဧည့်သည်များအပြင် လက်မှု လုပ်ငန်းကို စိတ်ဝင်စားကြသည့် နိုင်ငံခြားသား ခရီးသည်များပါ လာရောက်လေ့လာကြပြီး အမှတ်တရ ပစ္စည်းများအဖြစ် ဝယ်ယူလျက်ရှိကြသော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာရောက် ဝယ်ယူသူများနှင့် လေ့လာသူများ လာရောက်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။

 

 

ထုတ်ကုန် ပစ္စည်းများကို ပြင်ပပို့ကုန် အနေဖြင့် မော်လမြိုင်၊ ဘာအံ၊ ပဲခူး မြို့များသို့ တင်သွင်းခဲ့သော်လည်း၊ ယခုနှစ်နောက်ပိုင်းတွင် အိမ်မှာဘဲ ရောင်းကုန် အနေနဲ့ဖြင့်သာ ရောင်းချ နေလျက်ကြောင်း၊ ယခုကိုဗစ်-၁၉ ဖြစ်ပွားတဲ့ နောက်ပိုင်းမှာတော့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် များလာ ရောက်သူတွေ မရှိတော့ အရောင်းအဝယ်လဲ အေးလျက်ရှိကြောင်း ဟု လည်းကောင်းက ဆက်လက်ပြောကြားသည်။

 

 

ရွာလွတ်ကျေးရွာတွင် ယခင်က ဆေးတံလုပ်ငန်း လုပ်ကိုင်သူများ များစွာရှိခဲ့သော်လည်း ယခု အချိန်ထိ စီးပွားဖြစ် လုပ်ကိုင်နေသူ နည်းငယ်သာ ကျန်ရှိနေပြီး ဆေးတံလုပ်ငန်းအပြင် အခြားလူသုံးကုန် ပစ္စည်းများဖြစ်သည့် သစ်သားဖြစ်ပြုလုပ်သည့် တုတ်ကောက်၊ ဘောပင်၊ လင်ပန်း၊ ဘီး၊ ဇွန်း၊ ခရင်း၊ ငရုတ် ဆုံ၊ သောတွဲအမျိုးမျိုးနှင့် အုန်းမုတ်ခွက်ဖြစ်ပြုလုပ်သည့် ရေနွေးကရား၊ ရေနွေးခွက် စသည့် လူအသုံး အဆောင် ပစ္စည်း(၂၅)ကျော်ကို ထုတ်လုပ်ရောင်းချနေလျက်ရှိကြောင်းသိရသည်။

 

 

ထူးအိမ်(ချောင်းဆုံ)

2429