ပန်းတနော် ၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ကလေးငယ် ၈ ဦးတွေ့ရှိထား၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာအေးမင်းသန်းက “မြို့ပေါ် ရပ်ကွက်၊ ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်တာတွေ ကြားသိရင် သွားရောက်ပြီး ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ပါတယ်။ ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေ ရှိပါတယ်၊ ၎င်းအဖွဲ့တွေနှင့် ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ခြင်ဆေးဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ကြပါတယ်။ ရာသီအလိုက် ဖြစ်တဲ့ ရောဂါဖြစ်လို့ မိုးဦးမကျခင်ထဲက ကျန်းမာရေး အသိပညာပေး ကြေညာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ပြီးသာပါ ယခုနှစ်ကတော့ အခက်အခဲတော့ ရှိသွားတာပေါ့ ကိုဗစ်- ၁၉ ကပ်ရောဂါဝင်လာတော့ လူအများကြီး စုလို့မရတဲ့အချိန်ဆိုတော့ အသိပညာပေး ဟောပြောပွဲတွေ မလုပ်နိုင်ဘူး။ ကျန်းမာရေးဝန်ထမ်းတွေကို ရပ်ကွက်၊ ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးတဲ့ အချိန်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရမည့် နည်းလမ်းတွေကို အသိပညာပေးပြောကြားဖို့ မှာကြားထားပါတယ်”ဟု ပြောသည်။
ပန်းတနော်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကတော့ လက်ရှိအချိန်မှာ ကလေးငယ် ၈ ဦး တွေ့ရှိ ထားပြီး အချို့မှာနီးစပ်ရာ မအူပင်၊ ဟင်္သာတ ဆေးရုံတွေမှာ သွားရောက် ဆေးကုသမှု ခံယူနေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးမှာ ကလေးငယ်များတွင် တွေ့ရှိရကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


