နေပြည်တော်  ၉   ဇူလိုင်

 

ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၅)ဦးအား China Airline  Cargo လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက် ၉နာရီ ၂၅ မိနစ် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 

 

ယင်းမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက် ပေးလျက်ရှိပါရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း(၇၁၄၂)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 သတင်းစဉ်