ပွင့်ဖြူ ၉  ဇူလိုင်    

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်၊ မိုးစပါးစိုက်ပျိုး တောင်သူများ စိုက်နည်းစနစ်မှန်ကန်ကာ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် စေရန်နှင့် လယ်ယာလုပ်သားရှားမှုပြဿနာများ လျော့နည်းသက်သာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကောက်စိုက် စက်ဖြင့် မိုးစပါး စိုက်ပျိုးမှု တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ တောင်သူ ဦးဇော်မင်းသန့်၏ မိုးစပါးစိုက်ပျိုးလယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

           

အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦး က ကောက်စိုက် စက် အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာနိုင်မှုအခြေအနေများ ၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာနိုင်မှုများနှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေမှုများအကြောင်းကို ပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး ကူဘိုတာ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ရေးကုမ္ပဏီမှ Senior Marketing Officer ဦးဝေဖြိုးက ကူဘိုတာကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော လယ်ယာသုံး စက်ကိရိယာများနှင့် အသုံးဝင်မှုများ ၊ ကိုင်တွယ်အသုံးပြုနည်းစနစ်များနှင့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

           

၎င်းနောက် ကူဘိုတာကုမ္ပဏီမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဒေသခံ တောင်သူ ဦးဇော်မင်းသန့်၏ မိုးစပါးစိုက်လယ်မြေ(၇)ဧကခွဲ စိုက်ကွက်တွင် ဧရာပဒေသာ မျိုးစပါးအား ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် တောင်သူ ပညာပေး လက်တွေ့စိုက်ပျိုးသရုပ်ပြသရာ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကူဘိုတာ ကုမ္ပဏီမှ ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )