ပခုက္ကူ  ၉  ဇူလိုင်

           

ပခုက္ကူမြို့နယ် ရှားပင်အုပ်စု၊ သဖန်းပင်ကျေးရွာ၌ ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုကျမှုတို့ကြောင့် လူနေအိမ် အချို့ပြောင်းရွှေ့နေရသည့် အခြေအနေများကို ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဦးရဲထွဋ်တို့သည်  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဒေသခံတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုကြခြင်း ဖြစ်သည်။       

 

အဆိုပါ ကျေးရွာတွင်  အိမ်ခြေ(၁၀၈)အိမ်၊ လူဦးရေ(၅၀၀)ကျော်ရှိပြီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင်ရှိသည့် အိမ်ခြေမှာ (၂၀) အိမ် နီးပါးရှိကြောင်း၊ ထိုအိမ်များမှ မြစ်ကမ်းနှင့် အလွန်နီးကပ်သည့် အိမ်ခြေ(၄)အိမ်၊ မိသားစုဝင် လူဦးရေ(၂၀)ကို ပြောင်းရွှေ့ထားကြောင်း၊ မြစ်ရေကြီးပြီး ကမ်းပါးများ ရေတိုက်စားမှုတို့ကြောင့် အိမ်ကိုဖျက်ခြင်း၊ ပြောင်းရွှေ့ခြင်း လုပ်ငန်းများကို ရွာသူ/သားများနှင့် ပူးပေါင်းဆောင်ရွက်ကြကြောင်း၊

 

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ (၆)ရက်နေ့မှစတင်၍ ရေကြီးပြီး ကမ်းပါးတိုက်စားမှုများ ရှိလာကြောင်း၊ မြစ်ရေကြီးမှုများအပေါ် မူတည်ပြီး ပြောင်းရွှေ့ရမည့် အခြေအနေများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ သားများ ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ ယခုပြောင်းရွှေ့ထားသည့် လူနေအိမ်များသည် မိမိတို့သက်ဆိုင်ရာ မိသားစု နေအိမ်များတွင်သာ မှီခိုနေထိုင်ကြကြောင်း၊ ပြောင်းရွှေ့အိမ်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ခြင်း၊ မြေနေရာ ဈေးကြီးခြင်းတို့ကြောင့် သာမာန်အခြေခံ လူတန်းစားများဖြစ်သည့် ကျွန်တော်တို့မှာ ဝယ်ယူရန် အဆင်မပြေ ဖြစ်နေကြောင်း ကျေးရွာဒေသခံ (နေအိမ် ပြောင်းရွှေ့သူ) ဦးအောင်တင်က ပြောသည်။

 

မြို့နယ်သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အဖွဲ့ဝင်၊ ကျေးရွာဒေသခံ မရွှေဇင်ဦးက ဧရာဝတီမြစ်ရေဟာ ရွာထိပ်ကနေ ရေဦးတိုက်ပြီး စတင်ကမ်းပါးပြိုလာကြောင်း၊ ကမ်းပါးပြိုမှုများကြောင့် လူနေအိမ်အချို့ ဖျက်ပြီး ရွှေ့ပြောင်းရေး လုပ်ငန်းများတွင် အဖွဲ့၏ဦးဆောင်မှုဖြင့် ကျေးရွာသူ/သားများနှင့် ပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက် နေကြကြောင်း၊ ပြောင်းရွှေ့နေရာချထားရာတွင် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ကမ်းပါးပြိုမှု၊ လူနေအိမ် ရွှေ့ပြောင်းမှု အချက်အလက်များကို မြို့နယ်သဘာဝ ဘေးအန္တရာယ် လျော့ချရေးအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် တင်ပြထားပြီးဖြစ်ကြောင်း၊ ရွှေ့ပြောင်းခံရသည့် မိသားစုဝင်များ၏ ကိုယ်ပိုင် မြေနေရာများမရှိခြင်း၊ နေထိုင်ရေး၊ စားသောက်ရေး အခက်အခဲ ဖြစ်ခြင်းများအတွက် အဖွဲ့နှင့် ကျေးရွာသူ/သားများမှ အလှူရှင်များ ဝိုင်းဝန်းရှာဖွေ နေကြကြောင်း ပြောပြသည်။

 

ဆလိုင်းကိုကီး