လှိုင်သာယာ(အနောက်ပိုင်း) ၉ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ပြင် ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်၍ အခြေခံလုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်ရှင်းရေး (Basic Training For Safety at Sea) သင်တန်းကို နေ့နံနက် ၉နာရီက ငွေပင်လယ်ငါးချဆိပ်ကမ်းတွင် စတင်ဖွင့်လှစ်သည်။
သင်တန်းတွင် ရှေးဦးစွာ လှိုင်သာယာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က မြန်မာနိုင်ငံတွင် အခုလို အခြေခံလုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်း ရေး သင်တန်းမှာ ပင်လယ်ပြင်ရေလုပ်သားများအတွက် လိုအပ်ကြောင်း သင်တန်းဖွင့်လှစ်ပေးသည့် ငါးလုပ်ငန်းဦးစီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါက်တာယဉ်မိုးမှ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်လုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက် အန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားများမှတဆင့် ပင်လယ်ပြင်ရေလုပ်သားများအား ဆက်လက်မျှဝေ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင်လ (၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ နှစ်ရက်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း


