ခန္တီး ၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ၁၁၁၇ စင်တီမီတာမြင့်တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၂၄၃ စင်တီမီတာသာ လို့တော့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ဖြူဖြူအေး၏ ပြောပြချက်အရ သိရသည်။
ဇူလိုင်လ ၈ ရက် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ၁၀၆၈ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ၁၁၁၇ စင်တီမီတာရှိလာသဖြင့် ၁၂ နာရီအတွင်း ၄၉ စင်မီတာ မြင့်တက်လာခြင်း ဖြစ်သည်။
“ ခန္တီးမြို့နယ်နှင့် ခန္တီးအထက်ပိုင်း ကချင်ပြည်နယ်မှာ မိုးများတယ်ဆိုရင် ခန္တီးမြို့မှာ ရေကြီးတာပဲ။ အဓိကက ခန္တီးမှာ မိုးမများရင်တောင်မှ ကချင်ပြည်နယ်မှာ မိုးများလာရင် ချင်းတွင်းမြစ်က မြင့်တက် လာတာပဲ ” ဟု ခန္တီးမြို့ ဒေသခံတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏ ယနေ့နံနက် ၇ နာရီအချိန် ခန့်မှန်းချက်အရ ယနေ့ ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်ဟု ထုတ်ပြန်ထားသည်။
ခန္တီးမြို့တွင် ပြီးခဲ့သည့် (၅)နှစ်အတွင်း ချင်းတွင်းမြစ်ရေအမြင့်ဆုံးရောက်ရှိသည့်လများမှာ ၂၀၁၅ ခုနှစ်က လွဲ၍ ဇူလိုင်လအတွင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဇူလိုင်လ ၂၆ ရက် ၊ ၂၀၁၇ ခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်နှင့် သြဂုတ်လ ၁ ရက် ၊ ၂၀၁၈ ခုနှစ်တွင် ဇူလိုင်လ ၁၃ ရက်နှင့် ၂၀၁၉ ခုနှစ်တွင် ဇူလိုင်လ ၁၅ ရက်တို့ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်မူ စက်တင်ဘာလ ၃ ရက်နေ့တွင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အမ်းအင်းလမ်း ( ပြန်/ဆက်)


