မတ္တရာ ၉ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာအနီးရှိ မန္တလေး တူးမြောင်းမကြီး RD 91/000 တွင် ယနေ့ နံနက်ပိုင်းက ထူးပေါက်ရေတိုက်စား၍ မြောင်းပေါင် ကျိုးပြတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးတူးမြောင်းပေါင် ကျိုးပြတ်နေသည့်နေရာအား အချိန်မီပိတ်ဆို့နိုင်ရေးအတွက် ဆည်တော်ကြီးဆည်မှ ရေတံခါးပိတ်ခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်ထက်ဝင်းနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ တူးမြောင်းပေါင်ကျိုးပြတ်မှုကြောင့် ချောင်းရေများမှာ ရွှေလောင်းချောင်းအတွင်းသို့ စီးဝင်သွား သည့်အတွက် သီးစိုက်နှံစိုက်ခင်းများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


