ရွှေဘို ၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် သုသာန်မြေအဖြစ် သိမ်းဆည်းရာတွင်ပါဝင်ခဲ့သည့် လယ်/ယာမြေ ၆၃ ဧကကျော် အတွက် မြေယာလျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် လွန်ခဲ့သော(၂၈)နှစ်က ရွှေဘိုမြို့နယ် အုတ်ရှစ်ကန်ကျေးရွာတွင် စည်ပင်သာယာရေးကော်မတီမှ သုသာန်မြေအဖြစ် သိမ်းဆည်းရာတွင်ပါဝင်ခဲ့သည့် ကွင်းအမှတ် (၂၉၇၈)ကွင်းမှ တောင်သူများ၏ လယ်/ယာမြေ ၆၃ ဒသမ ၄၃ ဧကအတွက် လယ်တစ်ဧကလျှင် သိန်း(၅၀)နှုန်းဖြင့် လည်ကောင်း၊ ယာမြေ တစ်ဧကလျှင် သိန်း(၃၀)နှုန်းဖြင့် လည်ကောင်း တောင်သူ(၁၉)ဦးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေဖြင့် ငွေကျပ် ၂၉၅၀၃၀၀၀၀ ကျပ်ပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောကြားသည်။
နှစ်ပေါင်း(၃၀)လောက်ဆိုတော့ လျော်ကြေးငွေ မရလောက်တော့ဘူးထင်နေတာ၊ ခုလိုလျော်ကြေးငွေရတာကလည်း ကိုဗစ်-၁၉ ကာလ ကြပ်တည်းနေတဲ့အချိန်၊ ပြီးတော့ တောင်သူဆိုတော့ နွေတုန်းကလည်း စပါးကမစိုက်လိုက်ရ တော်တော်ကို အဆင်မပြေဖြစ်နေချိန်မှာ ခုလိုမြေယာလျော်ကြေးရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်”ဟု မြေယာ လျော်ကြေးရရှိသူ တောင်သူတစ်ဦးက ပြောသည်။
ထွန်းမြင့်အောင်(ရွှေဘို)


