နေပြည်တော် ၉ ဇူလိုင်
ILO Virtual Global Summit on COVID-19 and the world of work အစည်းအဝေး၏ Constituents’ Day အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နေပြည်တော်မှ ပါဝင်တက်ရောက်၍ Pre-recorded Video ပေးပို့ပြီး မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် ILO ညွှန်ကြားရေးမှူးချုပ်၊ Mr. Guy Ryder နှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင် လောကအပေါ် သက်ရောက်မှုများအား အနာဂတ် အလုပ်အကိုင်ဆိုင်ရာ ILO ရာပြည့် ကြေညာချက်ကို အခြေခံ၍ တုံ့ပြန်ရေးနည်းလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
Constituents’ Day အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိန့်ခွန်းပြောကြားရာတွင် ဤထိပ်သီးညီလာခံက ကမ္ဘာ့အလုပ်အကိုင်လောက ရှေ့ဆက်နိုင်ရေး တွန်းအားပေးရန်နှင့် အလွန်အရေးပါသော လမ်းညွှန်မှုများ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့၏ ကိုဗစ်-၁၉ နှင့် အလုပ်အကိုင် လောကအပေါ် မူဝါဒရေးရာ အကျဉ်းချုပ်တွင် ဖော်ပြထားသည့်အတိုင်း အလုပ်သမားများ၏ ကျန်းမာရေးကို တစ်ဘက်တွင် စောင့်ရှောက်ကာကွယ်ပေးပြီး တစ်ပြိုင်နက်တည်းတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး အစီအမံများ သေချာစွာ ချမှတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့၏ ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်မှုများအား အကျဉ်းချုပ်ပြောရလျှင် မြန်မာအစိုးရအနေဖြင့် ပါဝင်သက်ဆိုင်သူအားလုံးတို့နှင့်အတူ ရောဂါကိုရင်ဆိုင်ရန် ကပ်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆောင်ရွက်ချက်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်မှုနည်းလမ်း (A Whole of Nation Approach) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အိုင်အယ်လ်အိုက အကြံပြုခဲ့သော ကိုဗစ်-၁၉ တုံ့ပြန်ရေးမူဝါဒရေးရာ မူဘောင်နှင့်အညီ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရန်နှင့် ပြန်လည်ကုစားနိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ ထိခိုက်မှုအများဆုံးခံနေရသော အဓိက စီးပွားရေးလုပ်ငန်း အမျိုးအစား ၃ မျိုးကို ကူညီပံ့ပိုးပေးရန် ရန်ပုံငွေတစ်ရပ်ကို ထူထောင်ခဲ့ကြောင်း၊ ဘဏ်အတိုးနှုန်းများ၊ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များကိုလည်း လျော့ချပေးခဲ့ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများကို လူမှုဖူလုံရေးဆိုင်ရာ ဖြေလျော့မှုများနှင့် အထောက်အပံ့ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ပြန်လည်ခေါ်ယူပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများကို နယ်စပ်ဂိတ်များတွင် ကြိုဆို၍အသွားအလာ ကန့်သတ်ရေး ကန့်သတ်နေထိုင်ရေး နေရာများသို့ ပို့ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ မရောက်ရှိမီကတည်းက အိုင်အယ်လ်အိုနှင့် ပူးပေါင်း၍ သုံးပွင့်ဆိုင်အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ အနာဂတ်တွင် ဆောင်ရွက်မည့် အစီအမံများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကျန်းမာရေးနှင့် စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဒီဂျစ်တယ် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
နိဂုံးချုပ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် လူ့အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံး မှုများ ဖြစ်စေရုံသာမက စီးပွားရေး၊ လူမှုရေးတို့ကိုလည်း ဆုံးရှုံးမှုများစွာဖြစ်စေခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ သို့သော် ကံကောင်းထောက်မစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်နိုင်ရန်အတွက် ကမ္ဘာပေါ်ရှိလူသားများသည် ပိုမိုစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာကြသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးဟူသည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ကမ္ဘာကြီးသည် တစ်ခုတည်းသောလူမှု အဖွဲ့အစည်းအဖြစ် ပိုမိုစည်းလုံးလာသည်ကို တွေ့ရကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်ရစ်မနေစေရ ဟူသည့် စကားရပ်အတိုင်း ပုံမှန်လူနေမှုဘဝအသစ်ကို အမြန်ဆုံးရရှိပြီး ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ပုံမှန်လူနေမှုဘဝဆီသို့ တက်လှမ်းနိုင်ရန် မိမိတို့အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကို အောင်မြင်စွာ ကျော်လွှားဖြတ်သန်းသွား နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသည်။
သတင်းစဉ်


