ရွှေကျင် ၉  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ရွှေကျင်မြို့နယ် တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ လမ်းပေါ်ရှိ  ရွှေကျင်ချောင်းကူး တံတားသစ်မှာ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ဇူလိုင် ၈ ရက် နံနက် ၇ နာရီမှ စတင်ကာ သတ်မှတ်ယာဉ်မျိုးစုံအား ယာယီဖြတ်သန်း မောင်းနှင်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့ (၉)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါတံတားသစ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉) ပဲခူးမြို့မှ ၂၀၁၇ ခုနှစ် ဧပြီလ ပထမပတ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ပေ ၁၆၈၀၊ အကျယ် ပေ ၃၀၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈ ပေ ၉ လက်မ၊ ရေလမ်းကင်းလွတ်အကျယ် ၈၂ ပေရှိကာ တံတားအမျိုးအစားမှာ သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း၊ ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း၊ အဆိုပါ တံတားသစ်ကို ဖြတ်သန်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို သွားလာ နိုင်သည့် ဖြတ်လမ်းတစ်ခုဖြစ်လာပြီး မြ၀တီမြို့အထိသွားလာနိုင်သည့် အတွက် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ရဲသိန်း