နေပြည်တော်   ၉  ဇူလိုင်

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Video conferencing ဖြင့်ပြုလုပ်သည်။

 

အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ဖြစ်ပွားသူလူနာ (၃၁၈) ဦးရှိပြီး လူနာမျာ၏ (၈၀) ရာခိုင်နှုန်းဖြစ်သော (၂၅၄) ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက (၅၀) ရာခိုင်နှုန်းသည် ပြည်ပမှ ကူးစက်ဝင်ရောက်ခြင်း ဖြစ်ပါကြောင်း၊ လတ်တလောကာလတွင် တွေ့ရှိရသော လူနာသစ်များမှာလည်း ပြည်ပနိုင်ငံမှ ကူးစက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၈၈,၂၃၄) ဦးအား စစ်ဆေးခဲ့ရာ သံသယ/ စောင့်ကြည့် လူနာများ၌ (၀ ဒသမ ၉) ရာခိုင်နှုန်း၊ အသွားအလာ ကန့်သတ်ထားသူများ၌ (၀ ဒသမ၂) ရာခိုင်နှုန်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၌ (၃) ရာခိုင်နှုန်းနှင့် စစ်ဆေးသူ စုစုပေါင်း၏ (၀ ဒသမ ၃၆) ရာခိုင်နှုန်းတွင်သာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ် ကုသမှုခံယူခဲ့ရသူ (၁၉) ဦးရှိပြီး၊ အသက်ရှူစက်အသုံးပြုခဲ့ရသော လူနာမှာ (၅) ဦးသာ ရှိပါကြောင်း၊ လူနာအားလုံး၏ (၅၈) ရာခိုင်နှုန်းသည် မည်သည့်ရောဂါလက္ခဏာမျှ မပြသဘဲ ရောဂါပိုး ရှိနေပါကြောင်း၊ ယခုလက်ရှိတွင် ဆေးရုံအသီးသီး၌ သီးခြားထားရှိကုသမှုခံယူနေသော လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှုခံယူနေရသူ တစ်ဦးမျှမရှိပါကြောင်း၊  အသွားအလာ ကန့်သတ်ထားရှိရာနေရာနှင့် လူအရေအတွက်မှာ အပတ်စဉ်နှင့်အမျှ နည်းပါးလာပြီး ယခုလက်ရှိတွင် အသွားအလာ ကန့်သတ်ထားရှိရာနေရာ (quarantine site) (၆,၁၁၄) ခုနှင့် အသွားအလာကန့်သတ်ထားရှိသူ (၂၃,၇၈၀) ဦး ရှိပါကြောင်း။

 

သို့ရာတွင် ယခု လတ်တလောကာလတွင် ပြည်ပမှ ဝင်ရောက်မှုများအနေဖြင့် ကုန်းလမ်းကြောင်းများမှ တစ်နေ့လျှင် ပျမ်းမျှ (၁,၂၀၀) ဦးခန့် ဝင်ရောက်နေဆဲဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတို့ လက်တွဲပူးပေါင်းကာ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများကို စနစ်တကျ အားဖြည့်ဆောင်ရွက် ပါက ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားရန် အလားအလာနည်းပါးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများက ဆက်လက်ဦးဆောင်၍ ပံ့ပိုးစေလိုပါကြောင်း၊ ယခုအခါ သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး သည် လေမှတစ်ဆင့် ပြန့်လွှင့်ပြီး ကူးစက်နိုင်ခြေများစွာရှိသည့် အထောက်အထားများ တွေ့ရှိလာရသဖြင့် မိမိတို့အနေဖြင့် ဤရောဂါ၏ ကူးစက် နိုင်စွမ်းကို ပိုမို၍အထူးသတိပြုကာ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို ပြုပြင် ပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလည်ပတ်ရန် သင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရှောင်တခင် ဝင်ရောက်၍ တိုက်ဆိုင်စစ်ဆေးမှုပုံစံများဖြင့် ကြည့်ရှုစစ်ဆေးရန် မိမိအနေဖြင့် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူများအား အသံချဲ့စက်များဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်မှု နည်းပါးလာသည်ကို တွေ့ရှိရသဖြင့် လူမှုရေးဝန်ကြီးများအနေဖြင့် ဤကိစ္စအား ပြန်လည်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ပံ့ပိုးပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ အနေဖြင့် ဝန်ကြီးဌာနမှ ပြုစုထုတ်ဝေထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် ကျန်းမာရေး အသိပညာပေးချက်များကို စုစည်းထားရှိရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စများ၌ စွမ်းရည်မြင့်မားသူများ ဖြစ်စေရန်အတွက် ဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေအနေနှင့် ဆန်းစစ်ချက် အကျဉ်းချုပ်တို့ကိုလည်း အမြဲတမ်းလေ့လာသုံးသပ် စေလိုပါကြောင်း၊ မိမိအနေဖြင့် အရေးကြီးသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏ တရားဝင်အီးမေးလ်မှ တစ်ဆင့် နေ့စဉ်နီးပါး ပေးပို့လျက်ရှိသဖြင့် အီးမေးလ်ကို အမြဲကြည့်ရှု၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း။

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Videoconferencing စနစ်ဖြင့် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ၊ ပြည်သူများနှင့် ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်များနှင့် ပြည်သူများ၏ တင်ပြချက်များ မှာ အရေးကြီးသဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့နှင့် ဆက်လက် ပူးပေါင်း၍ ကိုဗစ်-၁၉ ကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုနှင့် လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှုတို့သည် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိတို့အနေဖြင့် လစ်ဟာမှုများ မရှိစေရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (၁၇)ဦးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ဆန်းစစ်သုံးသပ်ချက်များ၊ ရှေ့ဆက်လက် ဆောင်ရွက်မည်များနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာဖြင့် တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပံ့ပိုးပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တင်ပြဆွေးနွေးခဲ့ရာ အသွားအလာကန့်သတ်မှု လုပ်ငန်းစီမံခန့်ခွဲမှု အခြေအနေ၊ သံသယ/ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူများ ပေးပို့စစ်ဆေးမှုအခြေအနေ၊ တောင်ကြီးမြို့နှင့် လားရှိုးမြို့များတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနများထူထောင်ကာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ အသွားအလာ ကန့်သတ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ နည်းပါးလာမှု၊ စေတနာ့ဝန်ထမ်းများအတွက် အထွေထွေစရိတ်များလိုအပ်မှု၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များကို အမြဲတမ်းထားရှိသွားရန်၊ ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ နည်းပါး လာခြင်းကြောင့် ပြည်သူအများသည် ပေါ့ဆမှုရှိလာပြီ နှာခေါင်းနှင့် ပါးစပ်စည်း (mask)များတပ်ဆင်မှု အားနည်းလာခြင်း အပါအဝင် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာမှုအားနည်းလာခြင်း ကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အခက်အခဲများနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုးဦးတို့က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်