မန္တလေး ၁၀ ဇူလိုင်
ဧရာ၀တီလင်းပိုင် ထိန်းသိမ်းကာကွယ်ရေး အတွက်ထိန်းသိမ်းရေးဇုန်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ကလေးငယ်များကို လင်းပိုင်ရုပ်ကလေးများ ဝေငှပြီး အသိပညာ ပေးလှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အသိပညာ ပေးလှုပ်ရှားမည့် အစီအစဉ်ကို ကိုဗစ်-၁၉ တားဆီးမှုများ ဖြေလျှော့ချိန်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Natural Green Alliance သဘာ၀စိမ်းအဖွဲ့ မှ သိရသည်။
“အရေးကြီးသည့် ထိန်းသိမ်းရေးဇုန်ထ်မှ လက်ပစ်ကွန်ရေလုပ်သားတွေရဲ့ သားသမီးငယ်တွေဆီကို သွားပြီး အသိပညာပေးရင်း ဒီအရုပ်ကလေးတွေပေးသွားမှာပါ၊ ဧရာ၀တီလင်းပိုင်တွေဟာ နိုင်ငံရဲ့ သက်ရှိ သယံဇာတဖြစ်တယ် ထိန်းသိမ်းရမယ် ဒါတွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိတွေ ရောက်သွားမယ်လို့ မျှော်လင့်လို့ပါ” ဟု Natural Green Alliance သဘာ၀စိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦး ကပြောကြားသည်။
လူ့ပယောဂကြောင့် ဧရာ၀တီလင်းပိုင် သေဆုံးရမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားခြင်း မရှိတာကြောင့် သဘာ၀၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတချို့က ဧရာ၀တီလင်းပိုင်တွေမျိုးသုဉ်း ပျောက်ကွယ် သွားမယ့်အရေး အတွက် အသိပညာပေးလှုပ်ရှားမှု တွေ ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၄င်းတို့အနေနဲ့ ဧရာ၀တီလင်းပိုင် ထိန်းသိမ်းဇုန်အတွင်းက ဒေသတွေဆီသွားရောက်ပြီး အသိပညာပေး လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ်ပြု လုပ်နေပေမယ့်လည်း ဧရာ၀တီလင်းပိုင် သေဆုံးမှုတွေကတော့ နှစ်စဉ်ရှိနေတုန်းပဲ လို့ ၄င်းက ဆက်လက်ပြောကြားသည်။
ဧရာ၀တီလင်းပိုင် ထိန်းသိမ်းရေးဇုန်အတွင်းက ဒေသတွေဆီ လင်းပိုင်ရုပ်ကလေးတွေ သွားရောက်ဝေငှမယ့် လှုပ်ရှားမှုမှာ လင်းပိုင်ရုပ်စုစုပေါင်း နှစ်ရာကျော် လှူဒါန်းသွားမည်ဖြစ်ပြီး အဆိုပါ လင်းပိုင်အရုပ်များအား မန္တလေးမြို့မှ အလှူရှင်တစ်ဦးက လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အရုပ်နှစ်ရာကျော်အတွက် သိန်း ၃၀ ကျော်ကုန်ကျစရိတ်ရှိပါတယ်၊ ဧရာ၀တီလင်းပိုင်ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် တန်ဖိုးဖြတ်မရတဲ့ သက်ရှိသယံဇာတပါ၊ ဒါကိုထိန်းသိမ်းဖို့က ကျွန်တော်တို့မှာလည်း တာ၀န်ရှိပါတယ်၊ အသိပညာပေးအစီအစဉ်မှာ ဒီလိုအရုပ်က လေးတွေနဲ့ပညာပေးလိုက်တဲ့ အခါကျတော့ ဒီအရုပ်ကလေးတွေ မြင်တဲ့ အခါတိုင်း ဒါတွေကိုထိန်းသိမ်းရမယ် ကာကွယ်ရမယ်ဆိုတဲ့အသိတွေ ဖြစ်နေမယ် ဒီအတွက် ကျွန်တော်လှူဖြစ်တာပါ လို့ လင်းပိုင်အရုပ်ကလေးတွေလှူဒါန်းပေးတဲ့ မန္တလေးမြို့မှ ဦးစိန်၀င်း(မောင်စိန်၀င်းနှင့်ညီများကုမ္ပဏီ) ကပြောကြားသည်။
ဧရာ၀တီလင်းပိုင်ထိန်းသိမ်းဇုန်အတွင်းမှာ ဧရာ၀တီလင်းပိုင်ကောင်ရေမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အထိစာရင်းအရ ၇၉ ကောင်ရှိပြီး လက်ရှိတွင် ၇၉ ကောင်အောက်လျော့နည်းနေပြီဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


