ကော့ကရိတ်   ၁၀   ဇူလိုင် 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့နယ် ကျုံဒိုး Knowledge center တွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။

 

ရှေးဦးစွာ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီးက ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလ အတွင်း တောင်သူများအနေဖြင့် မိမိခြံဝင်းတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် သန်ရှင်းလတ်ဆတ်သော သီးနှံများ စားသုံးပါက ကျန်းမာရေးနှင့်ညီညွတ်၍ ရောဂါများကင်းဝေးမည် ဖြစ်သောကြောင့် Home Garden များ အောင်မြင်အောင်စိုက်ပျိုးရေးနှင့် Home Garden စိုက်ပျိုးနည်းများကို အသေးစိတ်ရှင်းလင်းဆွေးခဲ့သည် ။


ထိုနောက်  ခရိုင်စိုက်ပျိုးရေးမျိုးစေ့တာဝန်ခံ ဒေါ်ဝင်းဝင်းနိုင်က မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ဒုဉီးစီးမှူး ဒေါ်နန်းအေးမာလှိုင်နှင့် လက်ထောက်ဦးစီးမှူး ဒေါ်အိသက်ဟန်တို့က သဘာဝပိုးနှင်ဆေးနှင့် အသီးအပွင့်အားတိုးဆေးပြုလုပ်နည်းတို့ကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။ 

 

ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးရုံးမှ လက်ထောက်ဦးစီးမှူး ဦးမြင့်စိုးအေး သဘာဝမြေဩဇာ ပြုလုပ်နည်းစနစ်များ၊ အပင်များအတွက် လိုအပ်သည့်အဟာရဓာတ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲသို့ကော့ကရိတ်မြို့နယ်  ကော့ဝါလဲကျေးရွာ၊  ကျုံဒိုး ၊ ဒေါဖျာကျေးရွာ၊ အနောက် ဖက်ကမ်းကျေးရွာတို့မှ တောင်သူ (၄၉) ဦး တက်ရောက်ပြီး Home Garden စိုက်ပျိုးရန် ကန်စွန်း၊ ချဉ်ပေါင်နှင့် မုံလာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)