မကွေး ၁၀ ဇူလိုင်
မကွေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲနှင့် ကိုယ်ပိုင်ကျောင်းဥပဒေ ညွှန်ကြားချက်များ ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ကျောင်းများ ဖွင့်လှစ်ရာတွင် Covid-19 ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသော လိုက်နာရန်အချက်များ အခြေခံပညာဦးစီးဌာနမှ ကျောင်းများ ဖွင့်လှစ်ရာတွင် လိုက်နာရမည့်အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ကိုယ်ပိုင်ကျောင်းဉပဒေ၊ နည်းဉပဒေနှင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းအသင်းဉက္ကဋ္ဌ က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်း ၆၇ ကျောင်းမှ တည်ထောင်အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


