မန္တလေး ၁၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးတွင် ကိုယ်ပိုင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် အချက်များအား သက်ဆိုင်ရာမြို့နယ်များအလိုက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် သက်ဆိုင်ရာမြို့နယ်များအလိုက် ကိုယ်ပိုင်ကျောင်းများအား လှည့်လည်စစ်ဆေးပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“သက်ဆိုင်ရာမြို့နယ်များအလိုက် ကိုယ်ပိုင်ကျောင်းတွေကို စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဇူလိုင် (၁၀)ရက်နေ့မှာ အပြီးတင်ပြရမှာပါ၊ အခြေခံပညာကျောင်းတွေက တိုင်းဒေသကြီးပညာရေးမှူးရုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးတာပါ၊ ကိုယ်ပိုင်ကျောင်းတွေကိုတော့ သက်ဆိုင်ရာမြို့နယ် ပူးပေါင်းအဖွဲ့တွေက စစ်ဆေး ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပေးရမှာပါ၊ ကျွန်တော်တို့မြို့နယ်မှာတော့ ကျောင်းအားလုံးကို စစ်ဆေးပြီးသွားပါပြီ” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့တွင်ပါဝင်သော တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသား/သူများအား Quarantine Center များတွင် ထားရှိသည့် အတိုင်း ခြောက်ပေကွာ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန်နှင့် Partition ထားရှိရန်၊ သန့်စင်ခန်းများ သပ်သပ်ရပ်ရပ်ထားရှိရန်၊ စာသင်ခန်းတစ်ခန်းလျှင် လူဦးရေ(၂၀)ခန့်သာ ထားရှိရန်နှင့် ကျောင်းသား တစ်ဦးနှင့်တစ်ဦး(၆)ပေ ခန့်ကွာဝေးရန်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ Sanitizer များထားရှိခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊ ဆရာ/မများ၊ကျောင်းသား/သူ များ၊ ဝန်ထမ်းများအား နှာခေါင်းစည်းတပ်/မတပ်စစ်ဆေးပြီး ကြပ်မတ်ရန် ဝန်ထမ်းတစ်ဦးအား တာဝန်ပေး၍ ဆောင်ရွက်စေရန်၊ကျန်းမာရေးစစ်ဆေးရန်၊ နေ့စဉ်အပူချိန်တိုင်းတာရန်၊ မှတ်တမ်းများထားရှိရန်၊ ဘော်ဒါဆောင်များတွင် Air Cleaner ထားရှိရန် အစရှိသော လမ်းညွှန်ချက်များ ပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယခုပညာသင်နှစ်၌ ဖွင့်လှစ်ခွင့်ရရှိသောကိုယ်ပိုင်ကျောင်း ပေါင်း(၂၃၆)ကျောင်းရှိကြောင်း သိရပြီး အဆိုပါ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာမြို့နယ်များ အလိုက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


