နေပြည်တော် ၁၀ ဇူလိုင်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) အဖွဲ့တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်န ရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဦးစီး(ဗိုလ်မှူးကြီး)ဗိုလ်မှူးကြီး ထွန်းနေလင်းနှင့် လုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ၊ ကချင်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC)မှ ဥက္ကဌ Rev.Dr ဦးခလမ်ဆမ်ဆွန် ( KBC ဥက္ကဌ ) ဦးဆောင်သောအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များကိုပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးဦးဆောင်သည့် ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းထားပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအား ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရ တာဝန်ယူစဉ်ကတည်းက တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးအတွက် မိမိတို့ဝန်ကြီးဌာနက မူဝါဒ၊ မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ”ကို ရေးဆွဲအတည်ပြု ထားပြီးဖြစ်သည့်အတွက် မဟာဗျူဟာပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ IDPsများ ပြန်လည်နေရာချထားရေးအတွက် မဟာဗျူဟာမပေါ်ပေါက်ခင်ကတည်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ယခုလို ပေါ်ပေါက်လာသည့်အတွက် ပိုမိုထိရောက်စွာပူးပေါင်း ဆောင်ရွက် သွားနိုင်ပါကြောင်း၊ စီမံချက်များရေးဆွဲပြီး Pilot Project လည်းရှိနေပြီဖြစ်သည့်အတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်ပါကြောင်း၊ယခုအချိန်သည် ကိုဗစ်-၁၉ ကာလမပြီးသေးသော်လည်း လုပ်ငန်းများကို ရပ်တန့်ထားခြင်းမရှိပဲဆောင်ရွက်နေရခြင်းဖြစ် သည့်အတွက် ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ဆောင်ရွက်နေရပါကြောင်း၊ လုပ်ငန်းစဉ်များအား ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် နေရပ်ပြန်ရေးကိစ္စဆောင်ရွက်ခြင်းကို ရပ်တန့်သွားစေမည်မဟုတ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ကိုဗစ်-၁၉ နှင့် ယှဉ်တွဲပြီးလုပ်ရန် မမေ့သင့်ပါကြောင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကိုလည်း ပြန်လည်လက်ခံသွားရမည်ဖြစ်ပြီး မမြင်နိုင်သည့် ရောဂါပိုးများပါလာနိုင်ပါကြောင်း၊ ပြည်တွင်း၌ ပျံ့နှံ့မှုမရှိသေးသော်လည်း ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းများကို အလေ့အကျင့်ဖြစ်ရန် ဆောင်ရွက်သွား ဖို့လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)မှ ဥက္ကဌ Rev.Dr ဦးခလမ်ဆမ်ဆွန်က ပြည်တွင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် IDPs အတွက် နေရပ်ပြန်ရေးကိုယခုလိုတစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်းဟာငြိမ်းချမ်းရေး၏ ခြေလှမ်းများဖြစ်ပါကြောင်း၊ တတိယအကြိမ် တွေ့ဆုံညှိနှိုင်းရခြင်းသည် IDPs များနေရပ်ပြန်ရေး အတွက် ပိုမိုမြန်ဆန်၊ ချောမွေ့၊ လုံခြုံစိတ်ချ၊ သိက္ခာရှိစွာပြန်နိုင်ရေးနှင့် ဒေသခံပြည်သူများအား အသိပညာပေးကိစ္စများကို အဓိကထားဆောင်ရွက်စေ လိုပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာမိုင်းရှင်းလင်းရေး လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နေရပ်ပြန်သူများအနေဖြင့် ငြိမ်းချမ်းစွာ၊ ယုံကြည်မှုရှိစွာဖြင့် နေရပ်ပြန်နိုင်ရေးလိုအပ်ပါကြောင်းနှင့် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား လိုပါကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ IDPs ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ KHCC အဖွဲ့မှ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ IDPs များမိမိမူလနေရပ်များသို့ မိမိတို့၏ သဘောဆန္ဒများနှင့်အညီ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးအတွက် လိုအပ်ချက်များ၊ ပညာရေး၊ကျန်းမာရေး စသည့် လိုအပ်ချက်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ၊ ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် မိုင်းရှင်းလင်းရေးကိစ္စရပ်များ စသည့်အသေးစိတ်အချက်အလက်များ၊ NRPC သို့ တင်ပြဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


