ပွင့်ဖြူ ၁၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ နွေစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မကြာမီ ရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာမှ နွေစပါးစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ နွေစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေကို တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် ဖြန့်ဝေပေးခဲ့ပြီး နွေနှမ်းစိုက်ပျိုးတောင်သူများကို မြောက်မုန်းမြောင်းမကြီးမှတစ်ဆင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရေစနစ်တကျ ဖြန့်ဝေမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကာ မကြာမီအချိန်တွင် စတင်ရိတ်သိမ်းရတော့မည်ဖြစ်ကြောင်းနှင့် ယခု ၂၀၁၉ - ၂၀၂၀ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက ၁၄၃၈၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး (နွေ၊ မိုး၊ ဆောင်း) ရာသီမပျက် သီးနှံစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ်မှာလည်း တောင်သူတွေ စိုက်ပျိုးတဲ့ နွေစပါးစိုက်ခင်းတွေဟာ စိုက်ပျိုးရေနဲ့ သီးနှံအောင်ရေ အပြည့်အဝ ရရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိလို့ မကြာမီအချိန်မှာ စတင်ရိတ်သိမ်း ခြွေလှေ့ရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းရင် စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စပါးဈေးကောင်းကလဲ ကောင်းတော့ စပါးစိုက်ပျိုး တောင်သူတွေအားလုံး အဆင်ပြေကြပါတယ်။ ယခု မိုးစပါးစိုက်ပျိုးရာသီမှာလဲ တောင်သူတွေက အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ဖို့အတွက် နွေနှမ်းစိုက်ခင်းတွေကို အလုပ်သမားတွေငှားရမ်းပြီး အပြိုင်အဆိုင် ရိတ်သိမ်းနေကြတာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် တောင်အင်းရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


