ဝန်းသို ၁၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းကျေးရွာ ၆ ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း ကျေးရွာ ၆ ရွာ စုစုပေါင်း ကျေးရွာ ၁၂ ရွာတို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရှိရသည်။
အဆိုပါစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီက ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက မိတ်ဆက် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်၊ စီမံကိန်း၏လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Cash For Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာကော်မတီဝင် (၇)ဦးကို အများသဘောတူ ပွင့်လင်းမြင်သာစွာ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဆိုပါစီမံကိန်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


