ညောင်ဦး ၁၁ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခြောက်လမြေပဲခင်းများနှင့် သုံးလမြေပဲခင်းများ ရွက်လိပ်ပိုးကျနေခြင်းနှင့် ပြပိုးကျရောက်နေခြင်းကြောင့် မြေပဲအထွက်နှုန်း ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ငါ့သရောက်မြို့ အမှတ်(၄) သိမ်တော်ရပ်နေ မြေပဲစိုက်တောင်သူ ဦးအောင်ဌေးမြင့်ထံက သိရသည်။

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းအား မိုးရာသီတစ်ရာသီသာ လုပ်ကိုင်ကြရကာ မိုးရာသီပြီးလျှင် မိုးခေါင်ရေရှားရပ်ဝန်းဒေသတွင် ပါဝင်သည့်ဒေသဖြစ်ခြင်းကြောင့် မိုးကောင်းသော်လည်း ယခုလို ရွက်လိပ်ပိုးကျရောက်ခြင်းကြောင့် ကျေးလက်တောင်သူများ မြေပဲများပျက်စီးကာ မြေပဲအထွက်နှုန်း လျော့ကျနိုင်သလို လုံးလုံးပျက်စီးသွားမည်ကိုလည်း ဒေသခံတောင်သူများက စိုးရိမ်နေကြကြောင်း၊ ရွက်လိပ်ပိုးကျရောက်နေသည့် (ဒေသအခေါ် ရွက်လိပ်ပိုး)၊ ဆည်ကျေးရွာ၊ တောင်ကုန်းကျေးရွာနှင့် အမှတ်(၄) သိမ်တော်ရပ်ရှိ တောင်သူများ စိုးရိမ်နေကြကြောင်း မြေပဲစိုက်တောင်သူ ဦးအောင်ဌေးမြင့်က ရှင်းပြသည်။

 

ငါ့သရောက်မြို့တွင် မြေပဲစိုက်ပျိုးခြင်းများအား ဧပြီလနောက်ပိုင်းနှင့် မေလအတွင်းရွာသည့်မိုးဖြင့် စတင်စိုက်ပျိုးကြပြီး ခြောက်လမြေပဲ(ပဲကြီး)နှင့် သုံးလမြေပဲ(ပဲလေး)နှစ်မျိုး စိုက်ပျိုးကြကြောင်း၊ ရာသီဥတု ကောင်းမွန်ခြင်းကြောင့် မြေပဲများ အောင်မြင်ဖြစ်ထွန်းသော်လည်း ရွက်လိပ်ပိုးနှင့် ပြပိုးကျနေခြင်းကြောင့် မြေပဲစိုက်တောင်သူများအား သက်ဆိုင်ရာဌာနများမှ ပိုနှိမ်နင်းရေးနည်းလမ်းများ လမ်းညွှန်ပြသပေးစေလိုကြောင်း မြေပဲစိုက်တောင်သူ ဦးအောင်ဌေးမြင့်က ပြောကြား၍ သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)