မုံရွာ ၁၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၈)ခုနှင့် နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဧက ၉၆၂၆၆ ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
“ခရိုင်(၈)ခုမှာပဲ မိုးစပါးကိုစစိုက်နေပြီး ကျန်တဲ့ခရိုင်တွေဖြစ်တဲ့ စစ်ကိုင်းခရိုင်နဲ့ မော်လိုက်ခရိုင် အတွင်းမှာတော့ ပြင်ဆင်တုန်းရှိသေးတယ်၊ မစိုက်နိုင်သေးပါဘူး၊ အခုမိုးစပါး စိုက်ရာသီမှာ တိုင်းဒေသကြီးတစ်ခုလုံးမှာ မိုးစပါး ဧက (၁၈)သိန်းကျော် စိုက်ပျိုးဖို့ လျာထားပါတယ်၊ အဲဒီအထဲမှာ အခု ဧက ၉၀၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးသွားတာ ဖြစ်ပါတယ်၊ ဆည်ရေနဲ့စိုက်တဲ့ နေရာတွေမှာ မစိုက်ရသေးဘူး၊ အခုနှစ်မှာ စိုက်ပျိုးရေလိုအပ်ချက်နည်းတဲ့ စနစ်နဲ့အများဆုံး စိုက်ကြမှာဖြစ်တယ်၊ အချို့နေရာတွေမှာတော့ စပြီးစိုက်နေကြပါပြီ။ မိုးကောင်းသောက်လယ်တွေကတော့ မစိုက်နိုင်သေးဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် ယနေ့အထိ မုံရွာခရိုင်အတွင်း (၇၇၉)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း (၂၂၈၃၂)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း (၇၈၂၀)ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၄၆၈)ဧကအားလည်းကောင်း၊ ကသာခရိုင်အတွင်း (၃၁၇၅၆)ဧကအားလည်းကောင်း၊ ကလေးခရိုင်အတွင်း (၁၁၄၈၇)ဧကအားလည်းကောင်း၊ တမူးခရိုင်အတွင်း (၁၉၆၀)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၅၅၄၈)ဧကအားလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၁၃၆၁၆)ဧကအားလည်းကောင်း စုစုပေါင်း ၉၆၂၆၆ အား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


