ကောလင်း ၁၁ ဇူလိုင်
သီးနှံများ အထွက်နှုန်းတိုးတက်ရေးတွင် အရေးကြီးသည့် မိတ်ဖက်အချက်များကို မူသေထားပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ပြောင်းလဲကျင့်သုံးလိုက်သည်နှင့် အထွက်နှုန်းသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်နိုင်သောကြောင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းသည် အရေးကြီးသည့်လုပ်ငန်းတွင် ပါဝင်လျက်ရှိကြောင်း ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်ထံမှ သိရသည်။
“မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်ပိုင် ခြံစိုက်ကွက်တွေမှာ မျိုးစေ့ထုတ်လုပ်တာအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်တာတွေ၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းတွေ ထူထောင်ပြီး မျိုးစေ့ထုတ်လုပ်သည့် နည်းလမ်းတွေနဲ့ စပါးအပါအဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ တန်ဖိုးမြှင့်သီးနှံ စသည့် သီးနှံအုပ်စုအလိုက် သတ်သတ်မှတ်မှတ် ဆောင်ရွက်ဖို့လိုပါတယ်။
ဒါ့အပြင် ထုတ်လုပ်လိုက်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေ ရောင်းဝယ်ဖောက်ကားနိုင်မယ့် ဈေးကွက် (Seed Market) တွေ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်"ဟု ဦးလှမြင့်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် မှန်ကန်သော သီးနှံကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပူးပေါင်း၍ ဘက်စုံနည်းပညာသုံး အဆင့်မြှင့်စိုက်ပျိုးရေးဇုန်များ တည်ထောင်စိုက်ပျိုးစေပြီး တန်ဖိုးမြှင့်သီးနှံနှင့် Value added product များကို စနစ်တကျ ထုတ်လုပ်၍ ထွက်ရှိသော သီးနှံထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


