ပေါင် ၁၁ ဇူလိုင်

မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာမှာရှိတဲ့ ဆင်ရွာရေတံခွန် ကိုဗစ်ကာလမှာ လာရောက် လည်ပတ် ရေကစားခွင့်ကို ဇူလိုင် ၁၀ ရက်ကစပြီး ယာယီပိတ်လိုက်ပြီလို့ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ လူစုလူဝေးမပြုလုပ်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဇူလိုင် ၁၅ ရက်အထိ ညွှန်ကြားချက်ထုတ်ထားပေမယ့် ယခုကာလအတွင်း လာရောက် လည်ပတ်သူတွေ များပြားနေတဲ့အတွက် လူစုလူဝေးမဖြစ်အောင် ပြန်ပြီးထိန်းသိမ်းလိုက်တာဖြစ်တယ် လို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

“ကိုဗစ်ကာလမှာ ဒီဆင်ရွာရေတံခွန်ကို တရားဝင် ဖွင့်လှစ်ခွင့်ပေးထားတာ မရှိပါဘူး။ လာတဲ့သူတွေ များနေတဲ့အတွက် မြို့နယ်သစ်တောဦးစီးဌာနရဲ့ နှစ်ရှည်သီးနှံစိုက်ပျိုးမြေအတွင်းမှာ ကျရောက်နေတဲ့ ဒီရေတံခွန်ကို သစ်တောဌာနက ခြံရှင်နဲ့ညှိနှိုင်းပြီး လူစုလူဝေးမဖြစ်ရအောင်လို့ ပြန်ပြီးထိန်းသိမ်းလိုက် သလိုပါပဲ။ နောက်ပြီး နိုင်ငံတော်အစိုးရက ကန့်သတ်ထားတဲ့နေ့ရက်အထိ ဒီရေတံခွန် လာတဲ့သူတွေနဲ့ ဒီမှာစျေးရောင်းချနေတာတွေ လုပ်နေမယ်ဆိုရင် သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူသွားမယ်” ဟု ဦးဇော်မိုးအောင်က ပြောသည်။

ဆင်ရွာရေတံခွန်မှာ လွန်ခဲ့သည့်ငါးနှစ်ကျော်လောက်က လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လူသိများခဲ့ပြီးနောက် ယခုလို မိုးတွင်းကာလရောက်တိုင်း ရပ်ဝေးရပ်နီးမှ ပြည်သူများ လာရောက် လည်ပတ်မှုများခဲ့တာလည်း ဖြစ်ပါတယ်။

ဝင်းမင်းသန်း(ပြန်/ဆက်)

ဓာတ်ပုံ-ကိုရဲ