သာစည် ၁၁ ဇူလိုင်
မိတ္ထီလာခရိုင် သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ကန္တာရ ကျိုင်းကောင် (နှံကောင်)အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပြီး ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲက ကြက်မောက်ကျေးရွာ မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေက တောင်သူများအား ကန္တာရ ကျိုင်းကောင်(နှံကောင်)အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က ကန္တာရ ကျိုင်းကောင်(နှံကောင်) အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးရာတွင် ကျိုင်းကောင် ပေါက်ဖွားပုံ၊ စားသောက်ဖျက်ဆီးပုံ၊ ကျိုင်းကောင်အဓိကကြိုက်နှစ်သက်သော သီးနှံအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်စိုးက သဘာဝမြေဩဇာပြုလုပ်နည်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးနည်းများ ရှင်းလင်းဆွေနွေးကာ တောင်သူများ သိလိုသည့်မေးမြန်းဆွေးနွေး မှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ထို့နောက် ကြက်မောက်ကျေးရွာအုပ်စုမှ အိမ်ထောင်စု ၂၂၀ စု၊ ဆည်ကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု ၈၅ စုနှင့် ကွမ်းခြံရိုးကျေးရွာအုပ်စုမှ အိမ်ထောင်စု ၃၅ စုတို့ကို တစ်အိမ်ထောင်လျှင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့ ၁၁ မျိုးပါ သီးနှံထုပ်တစ်ထုပ်နှုန်းဖြင့် သီးနှံထုပ် ၃၄၀ ထုပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲနှင့် သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေနှင့် ဝန်ထမ်းများ၊ ကြက်မောက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအုပ်စုနှင့် ကွမ်းခြံရိုးကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


