ရွှေကူ ၁၁ ဇူလိုင်
ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အသိပေးနှိုးဆော်ခြင်းများကို ယနေ့ မွန်းလွဲပိုင်း ၂ နာရီတွင် မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်သဖြင့် ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန်နှင့် ကျွဲ၊ နွား တိရိစ္ဆာန်အား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ရေးအတွက် ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ ရွှေကူမြို့နယ် ရေကြောင်းမန်နေဂျာ ဦးစိုးနိုင်ဦး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတိုးတိုးထွန်းနှင့် ရွှေကူမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အခြေအနေများအား ပြည်သူများသိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


