နေပြည်တော် ၁၁ ဇူလိုင်

 

စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် က မိမိတို့ဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင် မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၂၃) နှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုလွယ် ကူစေရေး၊ ဈေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရေး၊ စားသုံးသူအကာအကွယ် ပေးရေး၊ အလုပ်အကိုင် ဖန်တီးပေးရေးနှင့် မူပိုင်ခွင့်ကာကွယ်မှုမြှင့် တင်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လိုအပ်သည့်ဖြေလျှော့မှုများကို စနစ်တကျ ဆောင်ရွက်ပေးခြင်း၊ ဥပဒေစည်းမျဉ်းများကို ခေတ်စနစ်နှင့် လိုက်လျော ညီထွေရှိစေရန် မွမ်းမံပြင်ဆင်ခြင်း စသည့် ပြုပြင်ပြောင်းလဲမှုတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်မည့် အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များကိုလည်း မဟာဗျူဟာကျသောနေရာများတွင် တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

ပို့ကုန်ကဏ္ဍတွင် စတုတ္ထတစ်နှစ်တာကာလအတွင်း ၁၆ ဘီလီယံကျော်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိသည့်အတွက် ကုန်သွယ်မှုလိုငွေမှာ လည်း သိသာစွာ ကျဆင်းလာခဲ့ပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် နည်းပညာ၊ သက်သာသောချေးငွေ၊ ကောင်းမွန်သော အခြေခံအဆောက်အဦ စသည်တို့ ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကာလနှင့် အလွန် ကာလများတွင်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ အရှိန်အဟုန်မပျက်စေရန် အီလက်ထရော နစ်ကူးသန်းရောင်းဝယ်မှု မြှင့်တင်ရေး တို့ကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းသည် စားသုံးသူအကာအကွယ်ပေးရေး ဖြစ် ကြောင်း၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထုတ်ကုန်အရည်အသွေးမြင့်မားစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကုန်ညွှန်းအမှတ်အသားများ စနစ်တကျ ဖော်ပြပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ထုတ်လုပ်သူ၊ စားသုံးသူ၊ ရောင်းဝယ်သူနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် အသင်းအဖွဲ့များလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။

 

ကိုဗစ်-၁၉ အလွန်ကာလ၌ ရိက္ခာထုတ်လုပ်သည့်နိုင်ငံဖြစ်စေရေး ဆောင်ရွက်ရန် လမ်းညွှန်ထားသည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုကောင်း မွန်ရန်လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲမှုကောင်းမွန်စေရေးအတွက် အထက်အောက်အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုမှတစ်ဆင့် အကြံဉာဏ်ကောင်းများ ရရှိပြီး လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စားသုံးသူရေးရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်