ခင်ဦး ၁၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူပေါင်း၍ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်(အနောက်ပိုင်း) မှ စတင်၍ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး အခမဲ့ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ငုဝါလှိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုးဝင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ရင်းမှူး ဒေါ်သန်းသန်းမြင့် တို့က မြို့ပေါ်(၅)ရပ်ကွက်ရှိ အိမ်ခြေ (၂၅၀၀) ခန့် လူဦးရေ (၁၄၀၈၇) တို့ကို ဆင်ခြေထောက်ရောဂါဖြစ်ပွားပုံနှင့် ပိုးရှိသူတို့၏ ဆိုးကျိုးလက္ခာဏာများ၊ အသက်အရွယ်အလိုက် ဆေးသောက်သုံးရမည့် ဆေးပြားအရေတွက်များကို ရှင်းလင်းဆွေးနွေး တိုက်ကျွေးပြီး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော “ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးပါဝင်ဆေးသောက်ပေး” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ထို့နောက်ကျန်ရှိနေသော ကျေးရွာ(၁၄၇)ရွာ၊ အိမ်ခြေ(၄၅၀၀၀)ကျော်ခန့်ရှိ လူဦးရေ(၂၁၁၀၅၂)ဦးတို့ကို ကျန်းမာရေးဌာနမှ ဆက်လက်၍ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး (အခမဲ့) တိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ချစ်စံ(ခင်ဦး)


