နေပြည်တော်  ၁၁   ဇူလိုင် 

 

(၁၇) ကြိမ်မြောက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ရန်ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင် သာယာရေး ကော်မတီ စည်ပင်ဧည့်ရိပ်သာ (၂) သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်အတူ သွားရောက်ကြည့်ရှုပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများအား မှာကြားသည်။

 

လွှတ်တော်ကိုယ်စားလှယ် (၄၅၀) ဦးခန့်အား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းများကို စည်ပင်ဧည့်ရိပ်သာ (၂) ရှိ အခန်း (၈) ခန်းတွင် ယနေ့တွင်  ဆောင်ရွက်မည်ဖြစ်ပြီး ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ကာ ဇူလိုင် ၁၂ ရက်တွင် ဓာတ်ခွဲအဖြေများ သိရမည်ဖြစ်သည်။

 

အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်း လုပ်ငန်းများကို နေပြည်တော် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ စနစ်တကျဦးစီးပြီး နေပြည်တော် ခုတင် (၃၀၀) ဆံ့ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လုပ်ငန်းလမ်းညွှန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)