နေပြည်တော် ၁၁   ဇူလိုင်

 

တိုင်းဒေသကြီး/ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနများ၏ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် Videoconferencing ဖြင့် ပြုလုပ်သည်။

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍကြီးတစ်ခုလုံး ဘက်စုံ ပိုမိုးတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် ယခုအစည်းအဝေးမှ ဆန်းစစ်သုံးသပ်ချက်များ၊ တင်ပြချက်များနှင့် ထွက်ပေါ် လာမည့် အကြံပြုချက်များကို အလေးထား ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊ မြန်မာ့အားကစား အောင်နိုင်ရေး၊ ပြည်သူများအကြား ကိုယ်လက် လှုပ်ရှားအားကစား စိတ်ဓာတ်များ ကိန်းဝပ် စေရေးနှင့် နိုင်ငံသားများ ကျန်းမာသန်စွမ်း စေရေးတို့အတွက် ဦးတည်၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လက်တွေ့ ရှုထောင့်မှသုံးသပ်၍ တင်ပြစေလိုပါ ကြောင်း၊ ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်တိုင်း၌ လုပ်ငန်းဆောင်ရွက်ရာတွင် အကြောင်းအရာအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိပါက နှောင့်နှေးရသည့် အကြောင်း အရင်းကို သေချာစွာဝေဖန်သုံးသပ်ပြီး ပြုပြင်သင့်သည်ကို ပြုပြင်ကာ ဆက်လက်အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ခေတ်နှင့် ဆီလျော်မှုမရှိတော့ဘဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်သည့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြင်ဆင်၍ဆောင်ရွက် ရမည်ဖြစ်ပြီး ခေတ်နှင့်ဆီလျော် ကိုက်ညီမှုမရှိတော့သည့် နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်နိုင်ရေး အတွက် အဆင့်ဆင့်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆) ကျောင်းသည် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်လေ့ကျင့်ရာတွင် သိပ္ပံနည်းကျ နည်းစနစ်များနှင့် လေ့ကျင့်မှုများဖြင့် ကိုယ်ခန္ဓာ အတွက်သာမက စိတ်ပိုင်းဆိုင်ရာ အားကစားစိတ်ဓာတ်ပြည့်ဝ စေရေးလေ့ကျင့်မှုများကို တိတိကျကျ မဖြစ်မနေ စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နည်းပြများ နှင့် နည်းစနစ်မှူးများ၏ အရည်အသွေးတိုးတက်မြင့်မားရေးအတွက်လည်း တိကျသော အစီအစဉ်များနှင့် ရည်မှန်းချက်များ သတ်သတ်မှတ်မှတ် ချမှတ်ကာ အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊ အားကစား နှင့်ကာပညာသိပ္ပံကျောင်းများတွင် သင်ကြားလေ့ကျင့်မှုများနှင့် ပတ်သက်၍ အားကစား၊ ကျန်းမာရေး၊ အာဟာရစသည့် နယ်ပယ်များမှပညာရှင်များ ပူးပေါင်းကာ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်စေလိုပါကြောင်း။

 

နိုင်ငံတကာတွင် အားကစားကဏ္ဍနှင့်ပတ်သက်၍ သိပ္ပံနည်းကျလေ့ကျင့်မှု၊ နည်းစနစ်၊ ယှဉ်ပြိုင်မှု၊ ဖွံ့ဖြိုး တိုးတက်မှု၊ အားကစားသုတေသန‌တွေ့ရှိချက် စသည်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၊ နည်းပြများနှင့် အားကစားသမား များထံသို့ ပုံမှန်ဖြန့်ဝေအသိပေးနိုင်ရန် စနစ်တစ်ခုအမြန်ဆုံး အကောင်အထည်ဖော်စေလိုပါ ကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရှေ့ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆန်းစစ်မှုများအား အသုံးချသုတေသန ပုံစံဖြင့်ဆောင် ရွက်စေလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များရေးဆွဲချမှတ်ရာတွင်လည်း စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ကျွမ်းကျင်မှု ပညာရပ်၊ အချိန်၊ ဘဏ္ဍာငွေနှင့် ထည့်သွင်းရမည့် အရင်းအမြစ်များစသည့် အချက်များအား ဘက်စုံထည့်သွင်းစဉ်းစားကာ အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကိုသာ လုပ်ငန်းမူဘောင်၊ လုပ်ငန်းလမ်းပြမြေပုံများနှင့်တကွ စီမံချက်များ ရေးဆွဲ၍ဆောင် ရွက်စေလိုပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိ၊ မရှိကို အညွှန်ကိန်း (indicator) များအသုံးပြု၍ ဆန်းစစ်စေလိုပါကြောင်း။

 

လုပ်ငန်းရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုနှင့် ပြီးမြောက်မှု အခြေအနေကို ခြုံငုံစောင့်ကြည့်အကဲဖြတ် (monitoring) စနစ်တစ်ခု ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူများ အားကစားလှုပ်ရှားမှုဖြင့် ကျန်းမာသန်စွမ်းစေရန်အတွက် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (exercise is medicine)" ကို ဦးစားပေးအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်အားဖြည့် ဆောင်ရွက် စေလိုပါကြောင်း၊ လူထုကျန်းမာရေးအစီအစဉ်များကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင် စေလိုပါကြောင်း၊ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများ ပြုလုပ်ရန် outdoor fitness equipment များ ပိုမိုတပ်ဆင်ပေးနိုင်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်၌ ပိုမိုဝယ် ယူမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာသင်ကျောင်းများသို့ ပုံမှန်သွားရောက်၍ အားကစားနည်းအလိုက် သရုပ်ပြပွဲများ ပိုမိုပြုလုပ်ကာ ကျောင်းသား/ ကျောင်းသူများ အားကစားကို စိတ်ဝင်စားလာပြီး အားကစားပြုလုပ်လိုသည့် စိတ်ဓာတ်ကောင်းများ မွေးမြူပေးစေလိုပါ ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အားကစားလောက ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးမှုနှင့် အကြံပြုမှုများကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားတာဝန်ခံ ညွှန်ကြားရေးမှူးများက တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ဝန်ထမ်းဖွဲ့စည်းပုံအခြေအနေ၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေး ဘတ်ဂျက်ရရှိမှုအခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်သုံးစွဲမှုအခြေအနေ၊ လာမည့်် ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးလျာထားမှုအခြေအနေ၊ တိုင်းဒေကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ရုံများ တည်ရှိမှုအခြေအနေ၊ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ အသစ် တည်ဆောက် လျက်ရှိသော အားကစားကွင်း/ရုံများ ပြီးစီးမှုအခြေအနေ၊ အားကစားကွင်း/ရုံများ မြေဂရံရရှိမှုအခြေအနေ၊ မြို့နယ်အသီးသီးရှိ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေးတွင် Outdoor Fitness equipment များ တပ်ဆင်ထားရှိမှုအခြေအနေ၊ တိုင်းဒေ သကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်များရရှိမှု အခြေအနေ၊ တိုင်း/ခရိုင်/မြို့နယ်များမှ အားကစား ပြိုင်ပွဲများ ကျင်းပပြီးစီးမှုအခြေအနေ၊ အခြေခံ ပညာကျောင်းများတွင် အားကစားဟောပြောမှု၊ သရုပ်ပြမှု၊ အားကစားပစ္စည်းများ ထောက်ပံ့မှု ခြေအနေ၊  ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးတွင် အားကစားလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊‌ ကျေးရွာစာသင် ကျောင်းများတွင် အားကစားကွင်း အသစ်ဖော် ထုတ်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစား ကွင်း/ ရုံများ အသုံးပြုရန် ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းများကို ဝန်ထမ်းများ ပါဝင်ကူညီခဲ့သည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များအခြေ အနေနှင့် ထူးခြားတင်ပြစရာ ကိစ္စရပ်များအခြေအနေတို့ကို တင်ပြကြသည်။

 

ဆက်လက်၍ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများကလည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များကလည်းကောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ညွှန်ကြားရေးမှူးများအား လုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို မှာကြားသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာဝန်ခံညွှန်ကြားရေးမှူးများက တင်ပြမှုများ၊ ဆွေးနွေးအကြံပြုများအပေါ်ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက် လာကြ သူများက အထွေထွေဆွေးနွေးခြင်းနှင့် အားကစားကဏ္ဍဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြား ရေးမှူးများအား စီမံရေးရာလုပ်ငန်းလိုအပ်ချက်တိုးတက်ရေး လိုက်နာဆောင်ရွက်ရမည့် ကိစ္စ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား လမ်းညွှန်မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်