နေပြည်တော် ၁၁ ဇူလိုင်
အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ ထပ်မံ၍ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက် တွင် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၈ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်၊ ၂၈ ရက်၊ ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်များနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော လေယာဉ် တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သည့် ကျန်ရှိသည့် အရာရှိ၊ စစ်သည် ၄၀ ကို သီးခြားစောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့အား ရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝ၀)၌ Polymerase Chain Reaction (PCR) နည်းဖြင့် ထပ်မံဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသည်ဟု သိရှိရကြောင်း။
ရောဂါပိုးတွေ့ရှိရသောစစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)


