နေပြည်တော် ၁၁ ဇူလိုင်
လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် အထောက်အကူပြုအဖွဲ့များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်တို့၏ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများ ရယူပြီး နေပြည်တော် တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးနေသည့် သတင်းကို ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း။
စစ်ဆေးမှုများအရ အဆိုပါတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့အပြင် ၎င်းတို့၏ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များဖြစ်သော ရုံးတာဝန် ၅ ဦး၊ စားရိပ်သာတာဝန်ကျ ၂၈ ဦး၊ လွှတ်တော်ပို့ဆောင်ရေးယာဉ်မောင်း ၁၀ ဦး၊ ဧည့်ယာဉ်မောင်း ၁၆ ဦးနှင့် ဆေးအကာအကွယ် တာဝန်ကျ ၃ ဦး၊ သန့်ရှင်းရေးတာဝန်ကျ ၁၄ ဦး စုစုပေါင်း ၂၄၂ ဦးတို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ မှု မရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်


