နေပြည်တော်  ၁၁  ဇူလိုင်

 

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဖော်ထုတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ရေချမ်းပြင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၇၀ အကွာ နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံး ဖော်ထုတ်ရရှိကြောင်း၊ ရှင်းလင်းဖော်ထုတ်ရရှိခဲ့သည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၂ လုံးကို ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူ အသုံးပြုလျက် ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ အလား တူ ဇွန် ၂၇ ရက်တွင်လည်း စစ်တွေ-ရေချမ်းပြင်သွား ကားလမ်းပေါ်ရှိ နည်းပညာကောလိပ် (GTC) အနီးဝန်းကျင်၌ ဒေသန္တရလက်လုပ်ရီမုမိုင်းများထောင်ထားကြောင်း သိရှိရသဖြင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲကာ မိုင်း ၅ လုံး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း။

 

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝ ဒေသတို့၌ ဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရေး ရည်ရွယ်၍ အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်းများပေါ်တွင် ယခုကဲ့သို့ မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အများပြည်သူ အန္တရာယ်ကင်းရှင်း စေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်