ရန်ကုန် ၁၁ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ COVID-19 ကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အခမ်းအနား ကျင်းပရေးကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ထို့အတူ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးနှင့် ပြသရေးလုပ်ငန်းများကိုလည်း ခေတ္တရပ်ဆိုင်းထားခဲ့ရာ ရေရှည်ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပြည်ပနိုင်ငံများတွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်အတူ ရုပ်ရှင်/ရုပ်သံ ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရုပ်ရှင်ရုံပြသမှုများကို လေ့လာအတုယူပြီး သင့်လျော်သည့် နည်းလမ်းများဖြင့် ပြုစု၍ တင်ပြခဲ့ကြပါကြာင်း၊ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ရိုက်ကူးရေးလုပ်ငန်းများကို သရုပ်ပြ ပြုလုပ်၍ သက်ဆိုင်ရာတာဝန်ရှိသူများကို ပြသခဲ့ကြပါကြောင်း၊ ဆက်လက်၍ ရုပ်ရှင်ရုံပြသရေးလုပ်ငန်းများကို သရုပ်ပြပြုလုပ်ပြီး ပြသစစ်ဆေးမှုခံယူရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေမှုကို သိရှိရပါကြောင်း၊ ထို့ကြောင့် COVID-19 ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲနှင့် မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားများကို သင့်လျော်ကိုက်ညီသည့် ပုံသဏ္ဍာန်၊ အခင်းအကျင်းများဖြင့် ကြိုတင်စဉ်းစားဆောင်ရွက်ထားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရုပ်ရှင်ရိုက်ကူးရေး သရုပ်ပြမှုများပြုလုပ်၍ စစ်ဆေးမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့မှု၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ရုပ်ရှင်ရိုက်ကူးခွင့် လျှောက်ထားမှုများအပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်မည့် အခြေအနေ၊ ရိုက်ကွင်းတွင် ပါဝင်သူများ၏ ခရီးသွားမှတ်တမ်းရာဇဝင်များ ထားရှိဆောင်ရွက်မည့်အခြေအနေ၊ စတူဒီယိုများနှင့် ပြင်ပရိုက်ကူးရေးများတွင် COVID-19 ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများဖြင့် ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေ မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော် အထိမ်း အမှတ်အခမ်းအနားကို လာမည့်အောက်တိုဘာ (၁၃)ရက်တွင် မဖြစ်မနေ ကျင်းပလိုပြီး ပရိသတ် များနှင့်အတူ ကျင်းပမည့်ပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလတွင် ဆက်လက်ကျင်းပနိုင်ရေး ဩဂုတ်လတွင် ပြု လုပ်မည့်အစည်းအဝေး၌ ဆုံးဖြတ်ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ပုံစံတစ်မျိုးဖြင့် ကျင်းပရန် လျာထားမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်ဖြင့် မြန်မာ့ရုပ်ရှင်ဇာတ်ကား(၁၀၀) ပြသရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ရုပ်ရှင်ဇာတ်ဝင် တေးများ၊ စင်တင်တေး ဂီတဖြင့် ဖျော်ဖြေရေး ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မြန်မာရုပ်ရှင်ဇာတ် ကားများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြန်မာရုပ်ရှင်သမိုင်းပြတိုက် အခြေပြု အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်မည့်အခြေအနေ၊ ရုပ်ရှင်ရာပြည့်ပွဲတော်ကျင်းပရေး ဆပ်ကော်မတီများအလိုက် အမှတ်တရ ပစ္စည်းများ ထုတ်လုပ်ရောင်းချမည့် အခြေအနေ၊ ဉာဏ်စမ်းပဟေဠိ၊ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲများ ကျင်းပမည့်အခြေအနေ၊ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကျင်းပရေး ဆိုင်ရာမှတ်တမ်းစာအုပ် ထုတ်ဝေမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ အစည်းအဝေးကို ဇူလိုင်လ တတိယပတ်အတွင်း ကျင်းပပြုလုပ်ရန် မဖြစ်မနေကျင်းပမည့် လုပ်ငန်းများအတွက် ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနှင့် ရုပ်ရှင်ရုံပြသရေး လုပ်ငန်းများကို COVID-19 ဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုတင်စဉ်းစားပြင်ဆင်ဆောင်ရွက် ထားရှိရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း ဆိုင်ရာ အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က (၇၃)နှစ်မြောက် အာဇာနည်နေ့အထိန်းအမှတ်အတွက် စီစဉ်ထုတ်လွှင့်နေမှုနှင့် ဆက်လက်ထုတ်လွှင့်ရန် လျာထားမှု၊ အခမ်းအနားကျင်းပရေးအတွက် တိုက်ရိုက်ထုတ်လွှင့်ရန် ဆောင်ရွက်မည့် အစီအစဉ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် TV/Radio Spot ပညာပေးအစီအစဉ်များ၊ တေးသီချင်းများ၊ ဇာတ်လမ်းတိုများ ဆွေးနွေးခန်းများ ရိုက်ကူးထုတ်လွှင့်နေမှုနှင့် ဆက်လက်ထုတ်လွှင့်ရန် လျာထားမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဇာနည်နေ့အခမ်းအနားတွင် တိုက်ရိုက်ထုတ်လွှင့်ရေး ဆောင်ရွက်မည့် DSNG VAN ရိုက်ကူး ထုတ်လွှင့်ရေးယာဉ်များအားလည်းကောင်း၊ စတူဒီယို (၁)နှင့် (၂)တို့ တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ လှုံ့ဆော်တေးနှင့် မဲရုံသရုပ်ပြ ရိုက်ကူးမှုများကိုလည်းကောင်း၊ ဘုရားခန်းနှင့် စာကြည့်တိုက်များအပါအဝင် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ မြန်မာ့ရုပ်ရှင်ရာပြည့် အထိန်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် ရုပ်ရှင်ဇာတ်ဝင်တေးများ စင်တင်တေးဂီတဖြင့် ရိုက်ကူးထုတ်လွှင့်နိုင်ရန် စတူဒီယို(A) ပြင်ဆင်ဆောင်ရွက်နေမှုအား လည်းကောင်း Myanmar Sat-2 ဂြိုလ်တုဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် 4.5 meter ဂြိုဟ်တုစလောင်း တပ်ဆင်ရန် ဆောင်ရွက်မည့် အခြေအနေ နှင့် 9 meter earth station တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)


