ရန်ကုန် ၁၁ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြို လှုံ့ဆော်ရေးတေးသီချင်းနှင့် မဲရုံသရုပ်ပြ ရိုက်ကူးမှုများကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (၁)နှင့် (၂)တို့တွင် ရိုက်ကူးလျက်ရှိသည်။
ထိုသို့ရိုက်ကူးမှုများကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်ရေးစင်တာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး တို့ပူးပေါင်း၍ရိုက်ကူး ခြင်းဖြစ်ပြီး ယနေ့တွင် တေးသံရှင် စောဖိုးခွား၏ “သင့်ရဲ့မဲ” ၊ အက်စတာဒေါသ့်ချင်းဆုန်၏ “ရင်ထဲမှာ ဘယ်သူရှိလဲ” နှင့် သွန်း၏ “ရွှေရောင်လွှမ်းတဲ့အနာဂတ်မြန်မာပြည်” တေးသီချင်းများကို ရိုက်ကူးလျက်ရှိသည်။
ထို့အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(၁)တွင် ဇွန် ၆ ရက်၌ တေးသံရှင် ဂရေဟမ်နှင့် ခင်စုစုနိုင်တို့၏ “သန့်ရှင်းသောမဲ” ၊ ချောစုခင်၏ “ပြည်သူ့တာဝန်ကျေပါစေ” နှင့် အိုင်းရင်းဇင်မာမြင့်၏ “သင့်ဦးနှောက်နှင့်သင်ရွေးချယ်” ၊ ဇွန် ၁၆ ရက်နေ့တွင် တေးသံရှင်ကိုင်ဇာ ရေးစပ်သီဆိုထားသည့် “အတူတူမဲသွားပေးကြစို့” တေးသီချင်းကို သရုပ်ဆောင် ထွန်းကိုကို၊ ယွန်းယွန်းနှင့် သဉ္ဇာတို့က သရုပ်ဆောင်မှု၊ ကိုမင်းနောင်နှင့်အဖွဲ့၏ “မိသားစုဆန္ဒမဲ” တေးသီချင်းကို သရုပ်ဆောင်ဇော်ဦး၊ ခင်မို့မို့အေး၊ ညီထွဋ်ခေါင်၊ နန်းခင်ဇေယျာနှင့် ရတနာဗိုလ်တို့၏ သရုပ်ဆောင်မှု၊ ဇွန် ၂၆ ရက်တွင် သားစိုးနှင့်ရတနာမိုင်တို့၏ “မဲပေးကြမယ်ဟေ့” တေးသီချင်းကို သားစိုး၊ အေးမြတ်သူနှင့် အကအဖွဲ့တို့ သရုပ်ဆောင်မှု ၊ ဇွန် ၂၇ ရက်တွင် အောင်ကိုလတ်နှင့် သရုပ်ဆောင်များ၏ “ဆန္ဒမဲပေးကြပါ” ၊ ဇွန် ၂၉ ရက်တွင် အိမ့်ချစ်၏ “အသည်းကြားက မဲတစ်ပြား” ၊ ရဲရင့်ဝေလွင်၏ “တန်ဖိုးရှိသောမဲတစ်ပြား” စသည့် သီချင်းများကို ရိုက်ကူးလျက်ရှိပြီး တေးသံရှင် ချမ်းချမ်း၊ စိုးပြည့်သဇင်တို့၏ “ရွေးချယ်ခွင့်” ၊ ဩရသ၊ အယ်လ်ဆိုင်းဇီ၊ ဉာဏ်လင်းအောင်နှင့် အေသင်ချိုဆွေတို့၏ “လူမှန်နေရာမှန်ရွေးချယ်ပေး” တေးသီချင်းတို့ကို ထုတ်လွှင့် ပေးလျက်ရှိသည်။
အလားတူ တေးသံရှင် အက်စတာဒေါသ့်ချင်းဆုန်၊ မိုးသောက်၊ စောခရစ်မူးလာ၊ လားဒင့်ထားရီ၊ ပြုံးထက်သာနှင့် နီလာဝင်းချွန်းတို့၏ “တိုင်းပြည်အတွက် မဲပေးကြစို့” ၊ မနော၏ “မဲပေးစို့” ၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရဲရင့်ဝေလွင်၊ နေထူးကျော်နှင့် ခင်သက်စုတို့၏ “မဲရုံဆီသို့” တေးသီချင်းများ ဆက်လက်ရိုက်ကူးသွားရန်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒါရိုက်တာဆွေဇင်ထိုက်၏ “ရွေးချယ်တတ်ပါစေ” ၊ ဒါရိုက်တာမီးပွား၏ “အသည်းကြားက မဲတစ်ပြား” ၊ ဒါရိုက်တာအောင်မြတ်၏ “ဗလာ” ၊ ဒါရိုက်တာညွန့်မြန်မာညီညီအောင်၏ “ဖား” ၊ ဒါရိုက်တာဝင်းလွင်ထက်၏ “အိမ်” ၊ ဒါရိုက်တာဝိုင်း၏ “မဲစာရင်းသွားကြည့်ကြစို့” ၊ ဒါရိုက်တာကိုပေါက်၏ “အနာဂတ်ရောင်ခြည်” နှင့် ဒါရိုက်တာဩရသ၏ “နိုင်ငံသားတစ်ဦးပီသဖို့ ဆန္ဒမဲပေးကြစို့” စသည့် ဇာတ်လမ်းတိုများ၊ မဲပေးခြင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိရန်လိုအပ်သည့် အချက်များ(Public Service Announcement)ကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နိုင်ရန်အတွက် ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
(ရီရီစန္ဒီ)


