ကောလင်း ၁၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ကောလင်းမြို့နယ်ဌာန ဆိုင်ရာများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန် ခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေက ကော်မတီအနေဖြင့် တိုင်ဒေသကြီးအစိုးရမှ ကတိဖြစ်ပေါ်ခဲ့သော လုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့ကို စိစစ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကောလင်းမြို့မရုပ်ရှင်ရုံ ပြန်လည်ပြသနိုင်ရန် ပြင်ဆင်ပြီးစီးမှု၊ မြောင်းကြီးကျေးရွာ၊ အုတ်တိုက်ကုန်းကျေးရွာ၊ ဆင်ဂေါင်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနများ ဆောက်လုပ်ပြီးစီးမှု၊ ကျေးလက်လမ်းဖောက်လုပ်ပြီးစီးမှု၊ LED လျှပ်စစ်မီးပေးဝေနိုင်မှုနှင့်သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ပေးအပ်နိုင်မှုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့ရုပ်ရှင်ရုံပြန်လည်ပြသနိုင်ရန် ပြင်ဆင်ပြီးစီးမှုတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


