မုံရွာ ၁၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း စပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဖော်ဆောင်စိုက်ပျိုးကြမည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဧရာမင်းမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်းကို မုံရွာမြို့နယ် မရိုးတောကျေးရွာတွင် ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်ကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ မျိုးစေ့ထုတ် စိုက်ခင်းတွေ ဖော်ဆောင်စိုက်ပျိုးကြမဲ့ တောင်သူတွေကို မျိုးစေ့တွေ ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ အောင်မြင်ဖြစ်ထွန်းဖို့အတွက် ခေတ်မီစိုက်နည်းစနစ်များကိုလည်း စိုက်ပျိုးရေးဝန်ထမ်းတွေက လယ်ကွင်းထဲအရောက် အကူအညီတွေပေးသွားမှာဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီမှာ တစ်မြို့နယ်လုံး ဧက ၂၀၀ ကို မျိုးစေ့ထုတ်စိုက်ခင်း ဖော်ဆောင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။
မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲတွင် မရိုးတောကျေးရွာ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် စိုက်ခင်းဧက(၇၀)စိုက်ပျိုးကြမည့် တောင်သူဦးရေ ၂၀ ကို တစ်ဧကလျှင် ဧရာမင်းစပါးမျိုးစေ့ ရှစ်ပြည်နှုန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ မုံရွာခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


