ရွှေကူ ၁၂ ဇူလိုင်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပညာဖြစ်သော စက်ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်ဟိုးယန္တရား မောင်းနှင်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရွှေကူမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက အဖွင့်အမှာစကားပြောကြား ရာတွင် သင်တန်းမှရရှိခဲ့သော ဘက်ဟိုးယန္တရားမောင်းနှင်နည်းများကို သင်တန်းသားများမှ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချရန်ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ယနေ့ခေတ် လယ်ယာလုပ်ငန်းများတွင်လည်း စက်မှုလယ်ယာဘက်သို့ တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ KOMATSU ကုမ္ပဏီမှ သင်တန်းနည်းပြ ဦးမျိုးမင်းထွန်းက စက်ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်ဟိုးယန္တရားမောင်းနှင်နည်းသင်တန်း ပို့ချဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စက်ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်ဟိုးယန္တရား မောင်းနှင်နည်းသင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၂ ရက်ကြာ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


