မင်းလှ  ၁၂   ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမကျေးရွာနှင့် ၄ မိုင်ခန့်အကွာ၊ ကန်တုတ် - စစ္စနို့ ကားလမ်း၊ မိုင်တိုင်အမှတ် (၁၃)မြောက်ဘက်ရှိ ဝါးရုံတောထဲ၌ တရားမဝင်ချက်လုပ်နေသည့် ရေနံချက်ဖိုတစ်လုံးကို ဇူလိုင် ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်း မှ သိရသည်။

 

“ရေနံမနယ်မြေ ရဲစခန်းရဲ့ အနောက်မြောက်ဘက် ၄ မိုင်လောက်အကွာမှာရှိတဲ့ တောထဲကနေ တရားမဝင် ရေနံချက်ဖို တစ်လုံး၊ ဆိုင်ကယ် သုံးစီးနဲ့ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ” ဟု ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက ပြောသည်။

 

တရားမဝင် ရေနံချက်လုပ်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရန် လုပ်ဆောင်ဆဲဖြစ်သည်။

 

၂၀၂၀ ခုနှစ် မတ်လ ၅ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဦးမြင့်ဇော် ဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မင်းလှမြို့နယ်အတွင်း သတင်းအရ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ တရားမဝင် ရေနံချက်ဖို ၅ လုံး၊ ဆိုင်ကယ်သုံးစီး နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

 

လတ်တလော သိမ်းဆည်းရမိသည့် တရားမဝင်ရေနံချက်ဖိုနှင့် ပတ်သက်၍ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

 

ဇေယျတု(မကွေး)

ဓာတ်ပုံ-ဇော်ဆိုင်း