ရန်ကုန် ၁၂ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ်စာရေးဆရာအသင်းဝင်များ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဆန်၊ ဆီနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့လှူဒါန်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးစောလင်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း စာရေးဆရာအသင်းဝင်များအား ဆန်၊ ဆီ နှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဝင် ၂၅ ဦး တို့အား တစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ သား နှင့် ငွေကျပ် ၁၅၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ အလှူငွေကျပ် ၁ သိန်း နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီတပ်ဖွဲ့ သို့ အလှူငွေကျပ် ၅၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


