မန္တလေး ၁၂ ဇူလိုင်
မြန်မာ့စီးပွားရေး သုံးသပ်ချက်များနှင့် ပြန်လည်ဦးမော့လာနိုင်မည့် အခွင့်အလမ်းများကို တင်ပြဆွေးနွေးသွားသည့် ကိုဗစ်-၁၉ အလွန် မြန်မာ့စီးပွားရေး လားရာများဆွေးနွေးပွဲကို မန္တလေးမြို့ MRCCI တွင် ယနေ့ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် COVID-19 မတိုင်မီ မြန်မာ့စီးပွားရေးအခြေအနေများ၊ COVID-19 ကာလအတွင်း ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အခက်အခဲ၊ အကျပ်အတည်းများနဲ့ COVID-19 အလွန်ကာလများတွင် ပြန်လည်ဦးမော့နိုင်စေရန် ရေတို ရေရှည် မဟာဗျူဟာများ ချမှတ်နိုင်စေရန် ဆွေးနွေးမှုများကို ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။
“COVID-19 အလွန် ကာလများမှာ စီးပွားရေးလုပ်ငန်းများအနေနဲ့ ဘယ်လိုပြန်လည်ဦးမော့နိုင်မလဲဆိုတဲ့ ဆွေးနွေးချက်များအပေါ်မူတည်ပြီး မဟာဗျူဟာမြောက် စီမံကိန်းများချမှတ်နိုင်ဖို့ အထူးလိုအပ်လာပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် "COVID-19 & Myanmar Economy; Past, Present & Future" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပရတာဖြစ်ပါတယ်၊ လစဥ်ကျင်းပနိုင်ဖို့လည်း ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့မှ ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ အလွန် မြန်မာ့စီးပွားရေး လားရာများဆွေးနွေးပွဲ MRCCI ဖေ့ဘွတ်တွင် တိုက်ရိုက် (live) ထုတ်လွှင့်ပြသခဲ့သည်။
မေသက်ထား


