ဗိုလ်ချုပ်ဦးဆောင်သော ကြားဖြတ်ယာယီအမျိုးသား အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး တာဝန်ထမ်းဆောင် နေစဉ် ရန်ကုန်မြို့အတွင်းဝန်များရုံး ဝန်ကြီးများအစည်းအဝေး၌ ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခံရသည့် အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်သည်။ ကိုလိုနီခေတ် အင်္ဂလိပ်စာသင်ကျောင်းမရှိသော နတ်မောက်မြို့ကလေးမှ ကိုယ့်ထူးကိုယ်ချွန် စိတ်ဓာတ်ဖြင့် ခေတ်ပညာရှာမှီးခဲ့သူ။ မန္တလေး ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြား၍ ဘီအက်စ်စီ သိပ္ပံဘွဲ့ကို သင်္ချာဂုဏ်ထူး ဒုတိယတန်းဖြင့် အောင်မြင်ခဲ့သည်။ ဘွဲ့ရပြီး အနစ်နာခံ အမျိုးသားကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုကာ ညီငယ် ကိုအောင်သန်း၊ ကိုအောင်ဆန်းတို့ကို တက္ကသိုလ်ပညာတတ်များ ဖြစ်လာစေရန် လမ်းညွှန်ထိန်းကျောင်းခဲ့သူ။ တည်ကြည်ဖြောင့်မတ် သူ၊ လူတော်လူကောင်းအဖြစ် မိသားစု၊ ရပ်ရွာမြို့နယ်ကို ကျော်လွန်ကာ နိုင်ငံသိ အသိအမှတ်ပြုခံရသည်။ စစ်ပြီးစ ရေနံချောင်းမြို့နယ် ဖဆပလအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေစဉ် ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နုနှင့် အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်းတို့၏ မေတ္တာရပ်ခံမှုဖြင့် ဗိုလ်ချုပ်ဦးဆောင်သော ယာယီအမျိုးသား အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တာဝန်ထမ်းရွက်ခဲ့ရသည်။ ဝန်ကြီး တာဝန်ယူပြီး ၁ လ နှင့် ၂၂ ရက်ကြာ ၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက် စနေ့နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ညီဖြစ်သူ ဗိုလ်ချုပ်အပါအဝင် လုပ်ဖော် ကိုင်ဖက်ဝန်ကြီး ၆ ဦးနှင့်အတူ မသမာသူ လူသတ်သမားများ၏ လုပ်ကြံမှုဖြင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပါသည်။


