စေတုတ္တရာ ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသား /သူ များအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈နာရီခွဲမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အ.ထ.က(ခွဲ)ကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံခြင်း လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများအား Social Distancing စနစ်ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် တည်ရှိစေရန် မျဉ်းများ စနစ်တကျ ရေးဆွဲသတ်မှတ်ကာ အပူချိန်တိုင်းကိရိယာများဖြင့် အပူချိန်များတိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များထားရှိကာ စနစ်တကျ လက်ဆေးစေခြင်း၊ ကျောင်းအပ်လက်ခံရာတွင်လည်း မျဉ်းများ စနစ်တကျ သတ်မှတ်ကာ ကျောင်းအပ်လက်ခံခြင်းနှင့် အုပ်ထိန်းသူတစ်ဦးထဲကိုသာ ခွင့်ပြုခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်(အထက်တန်းအဆင့်) အနေဖြင့် အထက် တန်းအဆင့် ကျောင်းသား/သူများကို အထက်တန်းကျောင်း(၈)ကျောင်းနှင့် အ.ထ.က(ခွဲ) (၁၆) ကျောင်းတို့တွင် ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စေတုတ္တရာမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၁၄၂၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)


